စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့(Singapore Tourism Board-STB)နှင့် OpenAI တို့အကြား အဆင့်မြင့် AI နည်းပညာအသုံးချ၍ စင်ကာပူနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍအဆင့်မြှင့်တင်ရေးနားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြောင်း STB က သတင်းထုတ်ပြန်ခဲ့ပါသည်။ အဆိုပါနားလည်မှုစာချွန်လွှာသည် အာရှတွင် နိုင်ငံကိုယ်စားပြုခရီးသွားလုပ်ငန်းအဖွဲ့နှင့် OpenAI ၏နည်းပညာကို ပထမဆုံးအသုံးပြုခြင်းဖြစ်ပြီး ခရီးသွားများ၏လိုလားချက်နှင့်အညီ စင်ကာပူနိုင်ငံကို ခရီး သွားများ၏ အဓိကရွေးချယ်ရာနိုင်ငံဖြစ်စေရေး အထောက်အကူဖြစ်စေမည်ဖြစ်ပါ သည်။
STB သည် ခရီးသွားလုပ်ငန်းကဏ္ဍတွင် OpenAI ၏ ဆောင်ရွက်နိုင်မှုများမှတစ်ဆင့် ခရီးသွားများရရှိနိုင်မည့် အတွေ့အကြုံများကို အဆင့်မြှင့်တင်ရန် အဆင့်မြင့် AI နည်းပညာအသုံးပြုမှုအပေါ် တာဝန်ယူမှုရှိစေရေး အရှိန်မြှင့်တင်ဆောင်ရွက်မည်ဖြစ်ပါသည်။ OpenAI တွင် ခရီးသွားဧည့်သည်များ၏ လည်ပတ်လိုသည့်ပုံစံအလိုက် အကြံပြုချက်များပေးရန် ခရီးသွားလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဘာသာစကားမျိုးစုံဖြင့်အကူအညီပေးခြင်း၊ ခရီးသွားလည်ပတ်ရန်နေရာအကြောင်းကို ပုံပြင်ဆန်ဆန်ပြောကြားခြင်းစသည်တို့ ပါဝင်မည်ဖြစ်ပါသည်။ အဆင့်မြင့် AI နည်းပညာအသုံးပြုခြင်းဖြင့် ခရီးသွားလည်ပတ်ရန်နေရာများနှင့်စပ်လျဉ်းသည့် ပိုမိုလေးနက်သောအသိအမြင်များကို ဝေမျှနိုင်ရန် အကူအညီဖြစ်စေမည်ဖြစ်ပြီး စုံစမ်း မေးမြန်းလာမှုအပေါ် ချက်ခြင်းတုန့်ပြန်ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ပါသည်။
STB အနေဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် အဆင့်မြင့် AI နည်းပညာနှင့်ပေါင်းစပ် ၍ ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များကို စူးစမ်းလေ့လာသွားမည်ဖြစ်ပြီး သက်ရောက်လာနိုင်သည့်ဖြစ်ရပ်များကိုလည်း ဆန်းစစ်မှုများပြုလုပ်မည်ဖြစ်ပါသည်။ ထို့အပြင် သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများနှင့် တိုးချဲ့ဆောင်ရွက်နိုင်မှုနှင့် အလားအလာတို့ကို ထပ်မံရှာဖွေသွားမည်ဖြစ်ပါသည်။ OpenAI ၏နည်းပညာနှင့် ပေါင်းစပ်ခြင်းသည် STB နှင့် AI အခြေပြုသည့် အနာဂတ်ခရီးသွားကဏ္ဍအတွက် အောင်မြင်မှုအသစ်များရရှိစေရေး အခြေခံကျသည့်ဆောင်ရွက်မှုတစ်ခုဖြစ်ပါသည်။
STB ၏နည်းပညာအရာရှိချုပ် Jorden Tan က “ဆန်းသစ်တီထွင်မှုကို အားပေးရန် အတွက် OpenAI နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ကြီးမားသည့်အလားအလာကို မြင်တွေ့နိုင်ကြောင်း၊ AI ကို ကုန်ထုတ်စွမ်းအားစိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်တင်ရန်အတွက် အဓိကဆောင်ရွက်သူအဖြစ် မျှော်မှန်းထားကြောင်း၊ OpenAI နှင့် ပူးပေါင်းဆောင်ရွက်မှုသည် ခရီးသွားလုပ်ငန်းကဏ္ဍပြောင်းလဲမှုအတွက် အခြေခံအုတ်မြစ်ဖြစ်ပြီး Tourism 2040 လမ်းပြမြေပုံနှင့်ကိုက်ညီကြောင်း၊ ခရီးသွားလုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်မှုများတွင် အဆင့်မြှင့်တင်နိုင်ရေး ကူညီပေးခြင်းမှသည် ခရီးသွားဧည့်သည်များအတွက် ကောင်းမွန်သည့်အတွေ့အကြုံများရရှိစေခြင်းဖြင့် ခရီးသွားဧည့်သည်များ၏ နောက်တစ်ကြိမ်လာရောက်လည်ပတ်လိုစိတ်ကို အားပေးမည်ဖြစ်ပြီး စင်ကာပူနိုင်ငံအတွက် ဆွဲဆောင်စည်းရုံးမှုဖြစ်စေမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။ OpenAI ၏ မန်နေးဂျင်းဒါရိုက်တာ Oliver Jay က “စင်ကာပူနိုင်ငံသည် တီထွင်ဆန်းသစ်မှုတွင် ကမ္ဘာ့စံနှုန်းများနှင့်ကိုက်ညီသည့်နိုင်ငံဖြစ်ကြောင်း၊ STB ၏ ကတိကဝတ်ဖြစ်သည့် AI ဖြင့် အနာဂတ်ခရီးသွားလုပ်ငန်းကဏ္ဍကို ပုံဖော်မည့်အချက်ကို အထောက် အကူဖြစ်စေသည့်အတွက် ဂုဏ်ယူကြောင်း၊ OpenAI နည်းပညာဖြင့် STB ကို အကူ အညီပေးနိုင်ရေးမျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
ရင်းမြစ်။ စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)