၂၀၂၅ ခုနှစ် ဇွန်လအတွင်း ထိုင်းနိုင်ငံ၏ပို့ကုန်သည် ၁၅ ဒဿမ ၅ ရာခိုင် နှုန်းတိုးတက်မှုရှိခဲ့ပြီး အမေရိကန်ဈေးကွက်သို့ ပို့ကုန်သည်သိသိသာသာ တိုးတက်ခဲ့သော်လည်း ဒုတိယနှစ်ဝက်တွင် ပို့ကုန်သည် ကျဆင်းနိုင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။
ဇွန်လအတွင်း ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၈ ဒဿမ ၆ ဘီလီယံရှိခဲ့ပြီး ၁၂ လဆက်တိုက်တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း၊ သွင်းကုန်သည်လည်း ၁၃.၁ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၇ ဒဿမ ၅ ဘီလီယံဖြစ်သဖြင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၀၆ ဘီလီယံဖြစ်ပေါ်ခဲ့ကြောင်း၊ ဆက်လက်တိုးတက်ခဲ့မှုသည် အမေရိကန်အခွန်ရွှေ့ဆိုင်းခဲ့မှုကြောင့် အမေရိကန်ရှိ တင်သွင်းသူများက ထိုင်းနိုင်ငံမှ အမှာစာများကို အရှိန်မြှင့်တင်မှာယူခဲ့သောကြောင့်ဖြစ် ကြောင်း၊ ကမ္ဘာ့ဒီဂျစ်တယ်ဝယ်လိုအားတိုးတက်လာမှုကလည်း အီလက်ထရောနစ်နှင့် ဆက်စပ်ပစ္စည်းများ၏ ပို့ကုန်ကိုမြင့်တက်စေကြောင်း ကုန်သွယ်ရေးမူဝါဒနှင့်မဟာဗျူဟာရုံး ညွှန်ကြားရေးမှူးချုပ် Mr. Poon pong Naiyanapakorn က ပြောကြားခဲ့သည်။
စိုက်ပျိုးရေးထုတ်ကုန်များဖြစ်သည့် လတ်ဆတ်နှင့် အေးခဲသစ်သီးများ၊ ပီလောပီနံ၊ စားအုန်းဆီ၊ သန့်စင်ပြီးသကြား၊ ပြုပြင်ထားသောကြက်သားနှင့်တိရစ္ဆာန်အစာပို့ကုန်များသည် ဇွန်လအတွင်း တိုးတက်မှုရှိခဲ့ကြောင်း၊ အဓိကဈေးကွက်များသို့ ပို့ကုန်တင်ပို့ခဲ့မှုရာခိုင်နှုန်းအနေဖြင့် အမေရိကန်သို့ ၄၁ ဒဿမ ၉ ရာခိုင်နှုန်း၊ တရုတ်သို့ ၂၃ ဒဿမ ၁ ရာခိုင်နှုန်း၊ ဥရောပသမဂ္ဂသို့ ၁၁ ဒဿမ ၉ ရာခိုင်နှုန်းနှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်သို့ ၉ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ယခုနှစ် ပထမနှစ်ဝက်အတွင်း ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၁၆၆ ဒဿမ ၈ ဘီလီယံဖြင့် ၁၅ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး သွင်းကုန်သည် အမေရိကန်ဒေါ်လာ ၁၆၆ ဒဿမ ၉ ဘီလီယံဖြင့် ၁၁ ဒဿမ ၆ ရာခိုင်နှုန်းတိုးတက်ခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၆၂ ဒဿမ ၂ သန်းဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။
မခန့်မှန်းနိုင်သော အမေရိကန်အပြန်အလှန်အခွန်မူဝါဒနှင့် ဘတ်ငွေခိုင်မာနေမှုကဲ့သို့သော စိန်ခေါ်မှုများရှိနေသောကြောင့် ပို့ကုန်လုပ်ငန်းရှင်များ၏ ယှဉ်ပြိုင်နိုင်မှုကို ခြိမ်းခြောက်လျက်ရှိကြောင်း၊ ပို့ကုန်သည် ဩဂုတ်လမှ ဒီဇင်ဘာလအထိ အရှိန်ကျဆင်းနိုင်ပြီး ထိုင်းနိုင်ငံအနေဖြင့် အမေရိကန်အခွန်ညှိနှိုင်းမှုများ၏ရလဒ်ကို စောင့်ဆိုင်းရန်လိုအပ် ကြောင်း၊ ထိုင်းကုန်စည်များအပေါ် အခွန်သည် ၁၈ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းဖြစ်ပါက ပို့ကုန်အပေါ် သိသိသာသာသက်ရောက်မည်မဟုတ်ကြောင်း၊ ယင်းရာခိုင်နှုန်းထက်ပိုမိုမြင့်မားပါက ဒေသတွင်း၌ တူညီသောကုန်စည်များထုတ်လုပ်ကြသောကြောင့် ထိုင်းပို့ကုန်ယှဉ်ပြိုင်မှုကိုအဟန့် အတားဖြစ်စေမည်ဖြစ်ကြောင်း Mr. Poonpong က ဖြည့်စွက်ပြောကြား ခဲ့သည်။
ထိုင်းနိုင်ငံသည် ပိုမိုကျယ်ပြန့်သော ဈေးကွက်ဝင်ရောက်မှုပေးခြင်းဖြင့် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးထံ အဆိုပြုလွှာအသစ်ပေးပို့ထားပါကြောင်း၊ ယင်းသည် ထိုင်းနိုင်ငံကို သင့်တင့်သော အခွန်နှုန်းထားဖြစ်စေမည်ဖြစ်ပြီး ဒေသတွင်းအခြားသောပို့ကုန်လုပ်ငန်းရှင်များနှင့် ယှဉ်ပြိုင်နိုင်စေရန်ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း ပို့ကုန်တိုးတက်မှုသည် ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းရှိနိုင်ကြောင်း Mr. Poonpong က သုံးသပ်ထားပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)