Local News

မတ်ပဲဈေးကွက်အလားအလာ

Last Updated:

ဧရာဝတီတိုင်းဒေသကြီးအတွင်း မတ်ပဲဈေးနှုန်းသည် ဇန်နဝါရီလ နောက်ဆုံးသီတင်းပတ်မှ စတင်ပြီး ၁ တင်းလျှင် ကျပ် ၁ သိန်းအထက်ရောက်ရှိလာပြီး တက်ဈေးဖြင့်ဆက်လက်ရပ်တည် နေကြောင်းတွေ့ရသည်။

သီတင်းပတ် ၁ ပတ်အတွင်းဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ တွင် ၁ တင်းဈေးနှုန်း ကျပ် ၁၀၅၅၀၀၊ ၂ ရက်နေ့တွင် ကျပ် ၁၀၈၀၀၀၊ ၃ ရက်နေ့တွင် ကျပ် ၁၁၀၀၀၀၊ ၅ ရက်နေ့တွင် ကျပ် ၁၁၂၀၀၀၊ ၆ ရက်နေ့တွင် ကျပ် ၁၁၁၃၀၀၊ ၇ ရက်နေ့တွင် ၁၀၉၇၀၀ အသီးသီးဖြစ်ခဲ့သည်။

အိန္ဒိယနိုင်ငံ ချနိုင်းဈေးကွက်တွင် ယခင်လ ကာလတူနှိုင်းယှဥ်ချက်အရ မတ်ပဲ FAQ ဈေးနှုန်း ၁ ကွမ်တယ်လျှင် Rs.8450 မှ 9000 သို့မြင့်တက်လာပြီး ဈေးနှုန်းခြားနားချက် ၆.၅% ဖြစ်ကြောင်း တွေ့ရှိရပါသည်။

မြန်မာမတ်ပဲပြည်တွင်းဈေးနှုန်း၏ ယခင်လနှင့် ယခုလ ဈေးနှုန်းခြားနားချက်မှာ ၁၄%ဖြစ်ပြီး ယခုကာလ မတ်ပဲအသစ်ပေါ်ချိန် ဈေးနှုန်းမြင့်တက်လာခြင်းမှာ အဓိကဝယ်လက်နိုင်ငံ၏ ပဲအထွက် နှုန်းလျော့ကျခြင်းနှင့် ဝယ်လိုအားကြောင့် ဖြစ်နိုင်သည်ဟု ဈေးကွက်အတွင်း​​ရောင်းဝယ်သူများထံမှ သိရှိရပါသည်။

ပြည်တွင်းပဲခွဲစက်များ၏ ဝယ်လိုအားကြောင့် မတ်ပဲဈေးဆက်လက်ခိုင်မာနေဦးမည် ဖြစ်သော်လည်း မတ်ပဲအသစ်များဈေးကွက်အတွင်း ဝင်ရောက်မှုနှင့် မြန်မာမတ်ပဲအဝင်ပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲနိုင်ကြောင်း၊ မြန်မာမတ်ပဲလက်ကျန်အခြေအနေပေါ်မူတည်၍ မြန်မာ ကုန်သည် များက မတ်ပဲဈေးနှုန်းအမြင့်တန်းတွင်သာ ထုတ်ရောင်းလိုကြသောကြောင့် ဖြစ်ကြောင်း IPGA က ဖော်ပြထားသည်။

ယခုနှစ် မြန်မာမတ်ပဲအထွက်နှုန်းသည် ယခင်က တန်ချိန် ၈-၈.၅ သိန်းထွက်ရှိမည်ဟု ခန့်မှန်းထားသော်လည်း တန်ချိန် ၆-၆.၇ သာထွက်ရှိနိုင်ကြောင်း၊ မြန်မာမတ်ပဲအထွက်နှုန်းနှင့် ပတ်သက်၍ အိန္ဒိယဘက်မှ ကုန်သည်များက စောင့်ကြည့်လျက်ရှိကြောင်း ဆက်လက်ဖော်ပြထား သည်။

ဖေဖော်ဝါရီလကုန်ပိုင်းနှင့် မတ်လအစောပိုင်းတို့တွင် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းစိုက်ပျိုးသော မတ်ပဲများဈေးကွက်သို့ ဝင်ရောက်မှု၊ ပဲခွဲစက်များ၏ စောင့်ကြည့်ဝယ်ယူမှုတို့ကြောင့် လက်ရှိမတ်ပဲ ဈေးကွက်နှင့် ဈေးနှုန်း ပြောင်းလဲနိုင်ကြောင်း IPGA က ဖော်ပြထားပါသည်။

ဧရာကုန်သွယ်မြှင့်

Category: Local News