Local News

ပဲစဉ်းငုံဈေးကွက်အလားအလာ

Last Updated:

ပြည်တွင်းပဲစဉ်းငုံဈေးနှုန်းများသည် ဒီဇင်ဘာလ တတိယပတ်အထိ ကျပ် သိန်း ၃၀-၃၁ ဝန်း ကျင်ဖြင့် တည်ငြိမ်နေခဲ့ပြီး ယခုသီတင်းပတ်အတွင်း ဈေးနှုန်းပြန်တက်လာကြောင်းတွေ့ရသည်။ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကျပ် ၃၀၈၀၀၀၀၊ ၂၂ ရက်နေ့တွင် ကျပ်၃၁၇၅၀၀၀၊ ၂၃ ရက်နေ့တွင် ကျပ် ၃၃၅၀၀၀၀၊ ၂၆ ရက်နေ့တွင် ကျပ် ၃၂၇၅၀၀၀ အသီးသီးဖြစ်ခဲ့ပါသည်။

ဈေးနှုန်းအလားအလာသည် ဝယ်လက်နိုင်ငံ၏ ပြည်တွင်းဈေးနှုန်းပေါ်မူတည်လျှက်ရှိပြီး အိန္ဒိယ၏ပြည်တွင်းဝယ်လိုအားအရ ပဲခွဲစက်များတွင် ပဲစဉ်းငုံလက်ကျန်နည်းပါးနေပြီး အဝယ် မြင့်တက်လာပြီး အစိုးရကလည်း တောင်သူများအား ပဲစဉ်းငုံပိုမိုစိုက်ပျိုးလာစေရန် ရည်ရွယ်ချက်ဖြင့် ယခုနှစ်ပဲစဉ်းငုံဈေးနှုန်းကို MSP နှုန်းထက်ပိုပေးပြီတောင်သူများထံမှ တိုက်ရိုက်ဝယ်ယူမည်ဖြစ် ကြောင်း သိရှိရသည်။ ပြည်တွင်းစိုက်ပျိုးသော ပဲစဉ်းငုံများ ၂၀၂၄ ဇန်နဝါရီလအတွင်း ဈေးကွက်ထဲ ရောက်ရှိလာနိုင်ကြောင်းနှင့် မြန်မာပဲစဉ်းငုံဝယ်ယူတင်သွင်းမှုကိုလည်း ဇန်နဝါရီလအတွင်း စတင် နိုင်ဖွယ်ရှိကြောင်း အိန္ဒိယဘက်မှ သတင်းဌာနများ၏ ရေးသားဖော်ပြချက်များအရ သိရှိရသည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် ၂.၅ သိန်းနှင့် ပဲစဉ်းငုံတန်ချိန် ၁ သိန်း တို့ကို ဝယ်ယူတင်သွင်းရန် မြန်မာနိုင်ငံနှင့် MoU လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း၊ မြန်မာပဲစဉ်းငုံ အထွက်တန်ချိန် ၂.၅-၃ သိန်းခန့်ရှိနိုင်ကြောင်းလည်း ဖော်ပြထားပါသည်။

ပြည်ပဈေးကွက်ဝယ်လိုအား ဆက်လက်ခိုင်မာလျှက်ရှိပြီး အိန္ဒိယနိုင်ငံအစိုးရ၏ MSP နှုန်း ထက်ဈေးပိုပေးကာဝယ်ယူမှုကြောင့် ပဲစဉ်းငုံဈေးနှုန်းသည် အတက်ဘက်တွင်ဆက်လက် တည်ရှိနေ နိုင်ကြောင်း ပဲမျိုးစုံရောင်းဝယ်ရေးလုပ်ကိုင်သူ လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

 

ဧရာကုန်သွယ်မြှင့်

Category: Local News