ဈေးကွက်ဈေးနှုန်း

ဒုတိယဝန်ကြီး ဦးအောင်ထူး တောင်ကြီးအပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲ ၂၀၁၈ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက် အမှာစကားပြောကြား

Last Updated:

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ပထမဦးဆုံးအကြိမ်ကျင်းပပြုလုပ်သည့် "တောင်ကြီးအပြည်ပြည် ဆိုင်ရာကုန်စည်ပြပွဲ ၂၀၁၈" ဖွင့်ပွဲအခမ်းအနားကို တောင်ကြီးမြို့ရှိလွတ်လပ်ရေးကျောက်တိုင်ကွင်း အားကစားခန်းမ၌ အောက်တိုဘာလ (၅)ရက်နေ့ နံနက် (၁း၃၀)တွင် ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည် နယ်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်ထူးတို့က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးက တောင်ကြီးအပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲ (၂၀၁၈) ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ပထမဆုံးအကြိမ် စီစဉ်ကျင်းပခြင်းဖြစ်ပြီး ကုန်စည်ပြပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အစွမ်းကုန် ကူညီပံ့ပိုးပေးခဲ့သော ရှမ်းပြည်နယ် အစိုးရကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း၊ တောင်ကြီးအပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံအတွင်းရှိ ဒေသအသီးသီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ကိုးရီးယားနိုင်ငံနှင့် တရုတ် (တိုင်ပေ) စသည့် နိုင်ငံနှင့် ဒေသ (၇) ခုမှ ကုမ္ပဏီနှင့်လုပ်ငန်းရှင်များမှ ပါဝင်ပြသကြမှာဖြစ်ကြောင်း၊ ကုန်စည်ပြပွဲကျင်းပခြင်းဖြင့် အဆိုပါ ဒေသ၏ ကုန်သွယ်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရုံ သာမက ဒေသခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကိုလည်း တစ်ပြိုင်တည်း ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ အောက်တိုဘာလ (၆) ရက်နေ့၌ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဆွေးနွေးပွဲကိုလည်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ဦးဆောင်၍ ဆက်လက်ကျင်းပပြုလုပ်မှာဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသခံ လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်ပြပွဲ platform ကို အကျိုးရှိရှိအသုံးချပြီး မိမိတို့၏ ထုတ်ကုန်များကို ဒေသအတွင်းနှင့် ပြည်ပနိုင်ငံများအထိ စျေးကွက်ချိတ်ဆက်နိုင်သည့် အခွင့်အရေးရရှိရန် ထိထိ ရောက်ရောက် အသုံးချစေလိုကြောင်း စသည်ဖြင့် အမှာစကားပြောကြားခဲ့ပါသည်။

ကုန်စည်ပြပွဲတွင် နိုင်ငံပေါင်း(၇)နိုင်ငံမှ ပြခန်းပေါင်း (၉၀)ကျော်ပါဝင်ပြသခဲ့ပြီး လယ်ယာ ထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်နှင့်အဖျော်ယမကာများ၊ ကော်ဖီ၊ အဝတ်အထည်၊ အမှတ်တရလက်ဆောင်ပစ္စည်းအရောင်းဆိုင်များ၊ ကျောက်မျက်ရတနာနှင့်အလှဆင်ပစ္စည်းများ၊ တိုင်းရင်းဆေး၊ စက္ကူနှင့်စာရေးကိရိယာများ၊ ကျောင်းသုံးသင်ထောက်ကူပစ္စည်းများ၊ အိမ်သုံးလျှပ်စစ် ပစ္စည်းများ၊ ကားအလှဆင်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အခြောက်ခံစက်များ၊ ရေသန့် ပစ္စည်းများ၊ GPS နှင့် ဖုန်းဆက်စပ်ပစ္စည်းများ၊ အပူပေးအိပ်ယာခင်းများ၊ ဝန်ဆောင်မှုလုပ် ငန်းများနှင့်ရှမ်းပြည်နယ်ထွက်ကုန်များပါဝင်ပြသခဲ့ကြပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးအောင်ထူး၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြား ရေးမှူးချုပ်ဦးအောင်စိုး၊ အခြားတာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရန်ကုန်မြို့ အခြေစိုက်နိုင်ငံခြားသံရုံးများမှစီးပွားရေးသံမှူးများ၊ ကုန်သည်အသင်းအဖွဲ့နှင့်ကုမ္ပဏီအသီးသီးမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် မီဒီယာများတက်ရောက်ခဲ့ကြပြီး၊      ကုန်စည်ပြပွဲကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၅)ရက်မှ (၈)ရက်နေ့အထိ လေးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

MTC (ရန်ကုန်)