Local News

နှမ်းရောင်စုံစျေးအနည်းငယ်တက်

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်တွင် နှမ်းရောင်စုံဖြစ်သည့် နှမ်းနက်(စမုံ)၊ နှမ်းဖြူ၊ နှမ်းနီနှင့်နှမ်းညိုတို့၏ စျေးနှုန်းများသည် အောက်တိုဘာလဆန်းပိုင်းမှစ၍ တစ်ရိပ်ရိပ်တက် လာတာတွေ့ရပါသည်။ နှမ်းသီးနှံစတင်‌ပေါ်ထွက်စမှာပင် စျေးကောင်းရရှိခဲ့သည့် သီးနှံဖြစ်ပြီး စက်တင်ဘာလကုန်ပိုင်းတွင် အနည်းငယ်စျေးအေးကာ အက်ဆစ်ဓာတ်ပါဝင်မှုနည်းပါက စျေးကောင်း ရရှိနေပါသည်။  နှမ်းအသစ်များ ပင်လယ်ရေကြောင်းမှတဆင့် ပြည်ပတင်ပို့မှုများရှိလာသည့်အတွက် နှမ်းစျေးများကောင်းလာသလို အရောင်းအဝယ်လည်း သွက်လာပါသည်။ နှမ်းအရည်အသွေးနှင့် အက်ဆစ်ပါဝင်မှုနှုန်းအပေါ်မူတည်၍လည်း စျေးနှုန်းများစွာကွာခြားမှုရှိနေပါသည်။

          အောက်တိုဘာလဆန်းတွင် နှမ်းနက်(စမုံ)စျေးမှာ (၁၅)ပိသာ(၁)တင်းလျှင် ကျပ်(၁၁၂၀၀၀) စျေးရှိရာမှ ၁၇.၁၀.၂၀၂၃ရက်နေ့တွင် ကျပ်(၁၁၈၀၀၀)စျေး၊ နှမ်းဖြူစျေးမှာ (၁၅)ပိသာ(၁)တင်းလျှင် ကျပ်(၁၁၈၀၀၀)စျေးရှိရာမှ ၁၇.၁၀.၂၀၂၃ရက်နေ့တွင် ကျပ်(၁၃၀၀၀၀)စျေး၊ နှမ်းနီစျေးမှာ (၁၅)ပိသာ(၁) တင်းလျှင် ကျပ်(၁၀၅၀၀၀)စျေးရှိရာမှ ၁၇.၁၀.၂၀၂၃ရက်နေ့တွင် ကျပ်(၁၁၀၀၀၀)စျေးအထိ တစ်ရိပ်ရိပ် တက်လာခဲ့သည်။

        ယခင်နှစ်အောက်တိုဘာလတွင် နှမ်းနက်(စမုံ) (၁၅)ပိသာ(၁)တင်းလျှင် ကျပ်(၁၀၀၀၀၀) ဝန်းကျင်၊ နှမ်းဖြူ (၁၅)ပိသာ(၁)တင်းလျှင် ကျပ်(၉၀၀၀၀)ကျော်၊ နှမ်းနီ (၁၅)ပိသာ(၁)တင်းလျှင် ကျပ်(၉၀၀၀၀) ဝန်းကျင် စျေးတို့သာရရှိကာ ယခုနှစ်နှင့်နှိုင်းယှဉ်ပါက ယခုနှစ်တွင် နှမ်းစျေးနှုန်းများပိုမိုရရှိကာ အရောင်း အဝယ်လည်းသွက်လာကြောင်း ကုန်စည်ဒိုင်သတင်းများရ သိရှိရပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News