Local News

ဝါသီးနှံစိုက်ပျိုးထွက်ရှိမှုနှင့်စျေးနှုန်းစျေးကွက်

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူနယ်သည် ဝါသီးနှံကိုအများဆုံးနှင့် အဓိကစိုက်ပျိုးထွက် ရှိသည့် ဒေသတစ်ခုဖြစ်ပါသည်။ ပခုက္ကူဒေသမှထွက်ရှိသည့် အထည်များဖြစ်သည့် ချည်စောင်၊ တဘတ်၊ လက်သုပ်ပဝါ၊ ပုဆိုး၊ လုံချည်တို့သည် နာမည်ရပြီးလည်းဖြစ်ပါသည်။ ချည်ဖြင့်ယက်လုပ်ထား သည့်အထည်များသည် နွေရာသီတွင်အေးကာ ဆောင်းရာသီတွင်နွေး၍ ကျန်းမာရေးကို လိုက်စားသည့် ခေတ်ဖြစ်၍ ကျန်းမာရေးနှင့်လည်းညီညွတ်ပါသည်။ ဝါသီးနှံသည် စက်မှုကုန်ကြမ်းသီးနှံ ဖြစ်သည့် အပြင် အရေးကြီးကုန်စည်အဖြစ် အစိုးရမှသတ်မှတ်ထားသော သီးနှံလည်းဖြစ်ပါသည်။

            ဝါသီးနှံသည် ရာသီဥတုကောင်းပြီး အိန္ဒိယမျိုးကောင်းမျိုးသန့်ကို စိုက်ပျိုးမည်ဆိုပါက တစ်ဧက လျှင် ပိသာ(၈၀၀)မှ ပိသာ(၁၀၀၀)ကြားထွက်ရှိကာ ရိုးရိုးမျိုးကိုစိုက်ပျိုးပါက တစ်ဧကလျှင် ပိသာ(၄၀၀) လောက်ထိထွက်ရှိပြီး ယခုနှစ်တွင် ရာသီဥတုအခြေအနေမှာ မိုးလိုသည့်ရက်တွင်မရွာဘဲ အပွင့်ပွင့်သည့် အချိန်တွင် မိုးများဆက်တိုက်ရွာသွန်းမှုကြောင့် အပွင့်များကြွေကျကာ တစ်ဧကလျှင် ပျှမ်းမျှပိသာ(၂၀၀) ဝန်းကျင်သာ ထွက်ရှိကြောင်း သိရှိရပါသည်။ ယခုနှစ်တွင် စိုက်ဧကများသော်လည်း အထွက်နှုန်းမှာ နည်းပါသည်။

            ဝါသီးနှံသည် စက်တင်ဘာလမှစ၍ ပေါ်ထွက်လာပြီဖြစ်ရာ ယခုအောက်တိုဘာလတွင် လှိုင်လှိုင်ပေါ်ထွက်လာပြီး စျေးကွက်ထဲသို့ ရောက်ရှိလာပြီဖြစ်ပါသည်။  ဝါစျေးနှုန်းအနေဖြင့် ယခုရက် ပိုင်းတွင် ဝါတစ်ပိသာလျှင် (၃၄၀၀)ကျပ်စျေးရရှိနေပြီး ထွက်ရှိလာသောဝါများကို ကြိတ်စက်တွင် ကြိတ်ကာ ပြည်တွင်းစက်ရုံများနှင့် ပြည်ပဝယ်လက်အနေဖြင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့ရောင်းချ ရကြောင်း၊ ပြီးခဲ့သည့်နှစ်ဝါပေါ်စတွင် ဝါတစ်ပိသာလျှင် (၂၆၀၀-၂၇၀၀)ကျပ်စျေးသာရရှိကာ ယခုနှစ်တွင် ဝါစျေးနှုန်းမှာ(၃၄၀၀)ကျပ်ထိ ရရှိသည့်အတွက် ပြီးခဲ့သည့်နှစ်နှင့်နှိုင်းယှဉ်ပါက အထွက်နှုန်းနည်းသော်လည်း ဝါစျေးနှုန်းကောင်းမွန်ကြောင်း ဝါလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News