Local News

မြေပဲဆံစျေးနှုန်း တစ်ဖြေးဖြေးကျဆင်း

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များတွင် မြေပဲဆံများ စျေးကွက်ထဲသို့ ဝင်ရောက်၍ နေ့စဉ်အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ မြေပဲဆံများ ဝယ်လိုအားနည်းခြင်းကြောင့် စျေးနှုန်း တစ်ဖြေးဖြေးကျဆင်းလာပါသည်။ မြေပဲဆံအနီစျေးမှာ မြေပဲဆံအဖြူစျေးထက် စျေးပိုမိုရရှိကာ တရုတ်ဝယ်လက်မှလည်း မြေပဲဆံအနီကိုသာ ဝယ်ယူသောကြောင့် စျေးပိုရခြင်းဖြစ်ပါသည်။ မြေပဲဆံ အဖြူကို မြေပဲယိုလုပ်ငန်းရှင်များနှင့် ဆားလှော်လုပ်ငန်းရှင်များမှသာ အဝယ်များပါသည်။

          မြေပဲဆံနီသည် တရုတ်မုန့်စားပွဲတော်ကာလဖြစ်၍ ပြည်ပဝယ်လက်နည်းသော်လည်း ပြည်တွင်း စားသုံးမှုများသည့်အတွက် ပြည်တွင်းဝယ်လိုအားသည် ပုံမှန်ပင်ဖြစ်ပါသည်။ မြေပဲဆံစျေးမှာ သြဂုတ် လတွင် တစ်ပိသာလျှင် (၁၀၀၀၀)ကျော်ရရှိနေရာမှ စက်တင်ဘာလတွင် (၉၀၀၀)ကျော်နှင့် ယခု အောက်တိုဘာလတွင် (၇၀၀၀/၆၀၀၀)ကျော်အထိ စျေးနှုန်းကျဆင်း လာကြောင်းသိရှိရပြီး မြေပဲဆံ အနီမှာ စျေးကွက်ထဲတွင် အရောင်းအဝယ်မရှိသလောက်ဖြစ်ပြီး မြေပဲဆံအဖြူသာ အရောင်းအဝယ် ဖြစ်နေပါသည်။

          မြေပဲဆံစျေးများမှာ သြဂုတ်လတွင် မြေပဲဆံအနီ တစ်ပိသာလျှင် ကျပ်(၁၀၀၀၀/၁၀၅၀၀)စျေး၊ မြေပဲဆံအဖြူ တစ်ပိသာလျှင် ကျပ်(၇၉၀၀)စျေး၊ စက်တင်ဘာလတွင် မြေပဲဆံအနီ တစ်ပိသာလျှင် ကျပ်(၉၅၀၀)စျေး၊ မြေပဲဆံအဖြူ တစ်ပိသာလျှင် ကျပ်(၇၃၀၀)စျေး၊ အောက်တိုဘာလတွင် မြေပဲဆံအဖြူ တစ်ပိသာလျှင် ကျပ်(၆၆၀၀)စျေးအထိ တစ်ဖြေးဖြေး စျေးကျဆင်းလာကြောင်း ကုန်စည်ဒိုင်သတင်းများအရ သိရှိရပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News