Local News

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေး ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

Last Updated:

မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ(စတုတ္ထအကြိမ် မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ်စီးပွားရေး ကုန်စည်ပြပွဲ) ဖွင့်ပွဲအခမ်းအနား ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်သည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်နိုင်ဦး၊ ဒေါက်တာ ကံဇော်၊ ဦးကိုကိုလှိုင်၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ Jeng Phang  နော်တောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာ ဝန်ကြီး၊  ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့်  မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai  ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချန်းမြို့ မြို့တော်ဝန်၊ မြန်မာ-တရုတ်နှစ်နိုင်ငံမှ ဌာန ဆိုင်ရာများ ကုန်သည်လုပ်ငန်းရှင်အသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ အခမ်းအနားကို  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာနမှ ဝန်ထမ်းများက“သာစွမြန်မာ” သီချင်းဖြင့် လည်းကောင်း၊ တရုတ်ယဉ်ကျေးမှု အကအဖွဲ့မှ “up လင်ချန်း” သီချင်ဖြင့်လည်းကောင်း တင်ဆက်ကပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးဦးဝင်းရှိန်က မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံများအကြားတွင် တရုတ်နိုင်ငံသည် အဓိကကုန်သွယ်ဖက်နိုင်ငံ တစ်ခု အဖြစ် နှစ်စဉ်ရပ်တည်လျက် ရှိသည်ကို တွေ့ရပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံ့တာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထမ်းဆောင် လျက်ရှိသည့် ယနေ့ကာလတွင် နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမိုကောင်းမွန်လာခြင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါပပျောက်ရေးကို နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်နိုင်ခဲ့ခြင်း၊ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက်များအရ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု၏ အခန်းကဏ္ဍ သည် ယခင်ကာလများထက် ပိုမိုအရေးပါလာခြင်းစသည့် အခြေအနေကောင်းများ ကြောင့် တရုတ်-မြန်မာ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာကောင်း များကို တွေ့မြင်နေရပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေးကို ကုန်သွယ်မှုကဏ္ဍ၏ အရေးပါသည့် မူဝါဒတစ်ရပ် အဖြစ် ချမှတ်အကောင်အထည် ဖော်လျက်ရှိသည်ကို အသိပေးပြောကြားလိုပါကြောင်း။

ယနေ့ ကျင်းပသည့် စတုတ္ထအကြိမ် မြန်မာ (နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေး ကုန်စည်ပြပွဲသည် နယ်နမိတ်ချင်း ထိစပ်နေသည့် မြန်မာနိုင်ငံနှင့်တရုတ် ပြည်သူ့သမ္မတနိုင်ငံတို့ကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ခိုင်မာအားကောင်းမှု နှစ်နိုင်ငံကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ၊ ဒေသတွင်း ပြည်သူများ၏ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို ထင်ဟပ်လျက်ရှိသည့် အခမ်းအနား တစ်ခုဖြစ်ပါ ကြောင်း။

နှစ်နိုင်ငံကြား ကုန်သွယ်မှု လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် အစိုးရ အချင်းချင်းသာမက ပုဂ္ဂလိက လုပ်ငန်းရှင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေးတွင် မြန်မာ နိုင်ငံက အဓိကတင်ပို့လျက်ရှိသည့် ထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံ ဈေးကွက်အတွင်း ကျယ်ပြန့်စွာ တင်ပို့နိုင်ရေးသည် အရေးကြီးသည့်အတွက် တရုတ်နိုင်ငံအနေဖြင့် ဒေသ တွင်း သဘောတူညီချက်များကိုလည်း လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ပြီး မြန်မာပို့ကုန် များ ဈေးကွက်ပိုမို ရရှိရေး အကန့်အသတ်များ၊ အတားအဆီးများ လျော့ချပေးစေလို ကြောင်း၊ နှစ်ဖက် နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် နယ်စပ်ဒေသများတွင် ဘဏ်လုပ်ငန်းစနစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ထောက်ပံ့ပို့ဆောင်မှု လုပ်ငန်းများ ပိုမို တိုးတက်ရေးနှင့် ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ လွယ်ကူစေရေးတို့ကိုလည်း နှစ်ဖက် ပူးပေါင်းဆောင်ရွက် သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ သံအမတ်ကြီး H.E. Mr. Chen Hai က တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ရေမြေတောတောင်ချင်း ဆက်စပ်ပြီး ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် ရှေးပဝေ သဏီကပင် စတင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် ယူနန်ပြည်နယ်၏ အကြီးဆုံး ကုန်သွယ်ဘက်ဖြစ်ပြီး အကြီးဆုံး သွင်းကုန်အရင်းအမြစ်နှင့် ပို့ကုန်ဈေးကွက် ဖြစ်ပါ ကြောင်း၊ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် ပထဝီ အနေအထား တစ်မူထူးခြားသည့် အားသာချက်နှင့် ခိုင်မာသည့် အခြေခံ အုတ်မြစ် ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံ၏ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်လာစေခြင်းသည် နှစ်ဦးနှစ်ဖက် တူညီသည့် မျှော်မှန်းချက်ဖြစ်ပြီး နှစ်ဦးနှစ်ဖက်ပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့် ကိုက်ညီပါကြောင်း၊ တရုတ် နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ အပြန်အလှန် သင်ယူလေ့လာမှု အားကောင်း စေရန်၊ ချစ်ခင်ရင်းနှီးသည့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာစေရန် မြန်မာနိုင်ငံကို ထောက်ခံ အားပေးရန်၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံမှ ပံ့ပိုးကူညီရန် ဆန္ဒရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး က စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် ကုန်စည်ပြပွဲတစ်ခုဖြစ်သည်နှင့်အညီ မြန်မာ-တရုတ်ကုန်သည်လုပ်ငန်းရှင် များအနေဖြင့် ယခုကုန်စည်ပြပွဲ Platform ကို ထိရောက်စွာ အသုံးပြုပြီး ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် လင်ချန်းမြို့ မြို့တော်ဝန် Mr. Du Jianhui က လင်ချန်းမြို့ ဖွံ့ဖြိုး တိုးတက်မှုကို ထောက်ပံ့ကူညီလျက်ရှိသည့် မြန်မာ-တရုတ်နှစ်နိုင်ငံမှ မိတ်ဆွေများကို ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဒုတိယဥက္ကဋ္ဌ နှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ သံအမတ်ကြီး၊ လင်ချန်းမြို့ မြို့တော်ဝန်၊ ယူနန်ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ယူနန် ပြည်နယ် ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌတို့က မြန်မာ (နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေး ကုန်စည်ပြပွဲ (စတုတ္ထအကြိမ်မြောက် မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ်စီးပွားရေး ကုန်စည်ပြပွဲ)ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ (နေပြည်တော်) - တရုတ်(လင်ချန်း) စီးပွားရေး ကုန်စည်ပြပွဲသို့ တက်ရောက်လာကြသူများနှင့် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ သည် မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေး ကုန်စည်ပြပွဲတွင် ခင်းကျင်း ပြသထားသည့် ပြခန်းများအား လိုက်လံကြည့်ရှုအားပေးသည်။

မြန်မာ(နေပြည်တော်) - တရုတ်(လင်ချန်း) ကုန်စည်ပြပွဲကို၂၀၁၉ ခုနှစ်တွင် ရှမ်း ပြည်နယ် လားရှိုးမြို့တွင်လည်းကောင်း၊ ဒုတိယအကြိမ်ကုန်စည်ပြပွဲကို ၂၀၂၁ ခုနှစ်တွင် လည်းကောင်း၊ တတိယအကြိမ် ကုန်စည်ပြပွဲကို ၂၀၂၂ ခုနှစ်တွင် အွန်လိုင်းမှ တစ်ဆင့် လည်းကောင်း ယခုစတုတ္ထအကြိမ်မြောက် ကုန်စည်ပြပွဲကို “ဖွံ့ဖြိုးမှုသစ်များ ရရှိဖို့ လမ်းကြောင်းသစ်များ တည်ဆောက်စို့” ခေါင်းစဉ်ဖြင့် နေပြည်တော်တွင် မေ၂၅မှ၂၈ရက် အထိ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

စတုတ္ထအကြိမ်မြောက် ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ကုန်သည်လုပ်ငန်းရှင် အသင်းအဖွဲ့များနှင့် ကုမ္ပဏီ ၆၅ ခုမှ ပြခန်းပေါင်း ၇၉ ခန်း၊ တရုတ်နိုင်ငံ ကုန်သည် လုပ်ငန်းရှင် ၇၀ မှ  ပြခန်းပေါင်း ၄၀ ခန့်က ဒေသထွက် စားသောက်ကုန်များ၊ အမှတ်တရ လက်ဆောင်ပစ္စည်းများ၊ ကျောက်မျက်ရတနာများ၊ လက်ဖက်နှင့် ကော်ဖီ၊ လယ်ယာ ထွက်ကုန်များ၊ ကြိမ်နှင့်ဝါးထွက်ကုန်များ၊ သစ်သားပန်းပုများ၊ ပရိဘောဂများနှင့် ဘဏ် လုပ်ငန်း၊ ခရီးသွားလုပ်ငန်းစသည်ဖြင့် ကဏ္ဍစုံပါဝင်ပြသလျက်ရှိကြောင်း သိရသည်။ (သတင်းစဉ်)

Category: Local News