Local News

အာဆီယံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ ဝယ်လိုအားကြောင့် မိုးကြက်သွန်ပေါ်ချိန် ဈေးကောင်းရနေ

Last Updated:

အာဆီယံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ ဝယ်လိုအားရှိနေခြင်းကြောင့် မိုးကြက်သွန် စပေါ်ချိန် ဈေးကောင်းရနေကြောင်း ကြက်သွန်စိုက်တောင်သူ နှင့် ကုန်သည်တချို့ကပြောပါတယ်။ မိုးကြက်သွန်မှာ ဆောင်းကြက်သွန်ထပ် အထွက်နည်းသောကြောင့် ကြက်သွန်စပေါ်ချိန်ဖြစ်သော်လည်း အမြင့်ဈေးတွင်ရှိနေခြင်းဖြစ်ကြောင်း တောင်သူများကပြောပါတယ်။ “မိုးကြက်သွန်ပေါ်တာက တစ်နိုင်ငံလုံး အတိုင်းအတာအရ ဆောင်းကြက်သွန် တသောင်းထွက်မယ်ဆိုရင် မိုးကြက်သွန်က နှစ်ထောင်လောက်ပဲထွက်တယ်။ သူကထွက်ရင် ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းလောက်ပဲ ထွက်တယ်။ သူခက်ခက်ခဲခဲထွက်ရတာ။ တချို့နှစ်တွေဆို ၂၀ ရာခိုင်းနှုန်းတောင်မထွက်နိုင်ဘူး။ အဲ့တော့ သူက ဆောင်းကြက်သွန်းထပ် ဈေးကမြင့်တယ် "လို့ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှ ကြက်သွန်စိုက်တောင်သူ တစ်ဦးက ပြောပါတယ်။

လက်ရှိ ကြက်သွန်တောဈေး တစ်ပိဿာလျှင် ၂၄၀၀ မှ ၃၀၀၀ အထိ အရောင်းဝယ်ဖြစ်နေကြပြီး ရန်ကုန်လက်လီ ဈေးကွက်တွင် ကြက်သွန်ဈေးက တစ်ပိဿာ ၅၀၀၀ ကျော်အထိ ဈေးဖွင့်ပါတယ်။ “မြန်မာ ကြက်သွန်တွေ အဝယ်များလာတယ် လို့သိရတယ်။ ပြည်ပက အဝယ်ရှိလို့ ကြက်သွန်ဈေးကောင်းချင်ပေမဲ့ အရည်သွေးမကောင်းတော့ ဈေးတင်လို့ မရဘူးဖြစ်နေတယ်။ တကယ်အလုံးကောင်း အရည်သွေးကောင်းကြက်သွန်တွေ တင်ပို့ရင်တော့ ဒီထပ်ဈေး ပိုကောင်းလာမယ်လို့ ထင်တယ်။ အဲ့ဒီအရည်သွေးကောင်းဖို့ကြတော့ စိုက်စရိတ်မတက်နိုင်တဲ့ တောင်သူတွေကများနေတယ်” လို့ ကြက်သွန်ကုန်သည်တစ်ဦးက ပြောပါတယ်။

လက်ရှိ ရန်ကုန်ဈေးအနေဖြင့် ပခုက္ကူ ကြက်သွန်နှင့် မြင်းခြံ ကြက်သွန်တစ်ပိဿာလျှင် ၁၉၀၀ မှ ၃၈၀၀ကျပ်အထိ ပေါက်ဈေးရှိကြပြီး မြစ်သား ကြက်သွန်တစ်ပိဿာလျှင် ၃၁၀၀မှ ၄၇၀၀ ကျပ်အထိ အရောင်းဝယ် ပြုလုပ်နေပါ တယ်။ ဆောင်းကြက်သွန် စတင်စိုက်ပျိုးနေကြပြီး စိုက်ပျိုးရသည့် အထွေထွေကုန်ကျစရိတ်များ မြင့်တက်နေသောကြောင့် စိုက်ပျိုးရေး အပိုင်းမှာ အခက်အခဲရှိကြောင်း မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့မှ ကြက်သွန်နီ စိုက်သူတစ်ဦး ကပြောပါတယ်။

လတ်တလောတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေများနှင့်သွင်းအားစုများ ဈေးကြီးနေသောကြောင့် သယ်ယူပို့ဆောင်ရေး အပါအဝင် အခြားအခက်ခဲများလည်း စိုက်ပျိုးသူတောင်သူများ ကြုံတွေ့နေရပါတယ်။ ယခုနှစ် မိုးရာသီတွင် စိုက်သည့်ကြက်သွန်အသစ်က စိုက်ပျိုးချိန်မိုးရွာသွန်းမှုများခဲ့ခြင်းကြောင့် အထွက်နှုန်းလျော့ကျကြောင်း ဆိုသည်။ ကြက်သွန်နီကို တရုတ်၊မြဝတီနှင့် ဘင်္ဂလာဒေ့နိုင်ငံများသို့ အဓိက တင်ပို့နေကြခြင်းဖြစ်သည်။

Source: AMIA

Source: https://t.me/htwettoe

Category: Local News