International News

ပြောင်းလဲနေသောနိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအခင်းအကျင်းကိုအလေးထားဖော်ပြခဲ့သည့် ကုလသမဂ္ဂအစီရင်ခံစာအကြောင်း ထိုင်းနိုင်ငံထုတ် THE NATION သတင်းစာတွင် ဖော်ပြ

Last Updated:

“ကမ္ဘာ့စီးပွားရေးယိုင်နဲ့နေခြင်းနှင့် ရင်းနှီးမြုပ်နှံမှုပုံစံများပြောင်းလဲနေခြင်း ” ဟုခေါင်းစဉ်တပ်ထားသည့် ကုလသမဂ္ဂကုန်သွယ်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအဖွဲ (UNCTAD) ၏အစီရင်ခံစာသစ်အရနိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှု (FDI) မြင်ကွင်းသည်ရွှေ့လျားနေကာ ပထဝီဝင်နိုင်ငံရေးအကြောင်းရင်းများ၊ တန်ဖိုးကွင်းဆက်များအတိုင်းလိုက်ပါရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စများနှင့်ပေါင်းစပ်မည့် နည်းပညာများကြောင့် ဖြစ်ကြောင်းဖော်ပြထားပါသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံအများအပြား၏ စီးပွားရေးတိုးတက်မှုမောင်းနှင်အား အဖြစ်နှစ်ပေါင်းများစွာ ရပ်တည်နေခဲ့ပါသည်။ UNCTAD ၏ “ ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုအစီရင်ခံစာ ၂၀၂၃ ” အရ အာဆီယံနိုင်ငံများအကြားစင်ကာပူသည် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုပမာဏကန်ဒေါ်လာ ၂.၃ ထရီလီယံဖြင့် ပထမ၊ ထိုင်းနိုင်ငံသည် ကန်ဒေါ်လာ ၃၀၆.၁၆၃ ဘီလီယံဖြင့် ဒုတိယ၊ အင်ဒိုနီးရှားနိုင်ငံသည် ကန်ဒေါ်လာ ၂၆၂.၉၂၀ ဘီလီယံဖြင့် တတိယ၊ ဗီယက်နမ်နိုင်ငံသည် ကန်ဒေါ်လာ၂၁၀.၄၇၁ ဘီလီယံဖြင့် စတုတ္ထ၊ မလေးရှားနိုင်ငံသည် ကန်ဒေါ်လာ၁၉၉.၂၀၆ ဘီလီယံဖြင့် ပဉ္စမအသီးသီးရှိခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်းက ထိုင်းနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပမာဏမှာ ကန်ဒေါ်လာ ၁၀.၀၃၄ ဘီလီယံသာရှိသဖြင့် အင်ဒိုနီးရှား (ကန်ဒေါ်လာ ၂၁.၉၆၈ ဘီလီယံ) ၊ ဗီယက်နမ် (ကန်ဒေါ်လာ ၁၇.၉၀ဘီလီယံ) နှင့် မလေးရှား (ကန်ဒေါ်လာ ၁၆.၉၄ ဘီလီယံ )တို့က ကျော်တက်ခဲ့ကြောင်း၊ အဆိုပါအချက်များက ကမ္ဘာ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမုမြင်ကွင်းကို အချက်ပေါင်းများစွာကလွှမ်းမိုးနေပြီး ထိုင်းနိုင်ငံကဲသို့ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် ယှဉ်ပြိုင်နိုင်ရေးမူဝါဒချိန်ညှိမှုများကလည်း အရေးကြီးသည်ကို ပြသခဲ့ကြောင်းအစီရင်ခံစာကဖော်ပြထားပါသည်။

ရေရှည်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး

အစီရင်ခံစာက ရင်းနှီးမြှုပ်နှံမှုအကျိုးရလဒ်များကို ကျယ်ပြန့်သောဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များနှင့်အညီ ပိုမိုမျှတစွာခွဲဝေနိုင်ရေးချက်ခြင်းဆောင်ရွက်ရန်လိုအပ်ကြောင်း မီးမောင်းထိုးပြထားသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ရှေးရိုးရင်းနှီးမြှုပ်နှံမှုမက်လုံးများမှ ရေရှည်ဖွံ့ဖြိုးတိုးတက်သော ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်သင့်ကြောင်း၊ မူဝါဒချမှတ်သူများ၊ စီးပွားရေးလုပ်ငန်းများနှင့်အဖွဲ့အစည်းများအနေဖြင့် ကမ္ဘာအဝှမ်းနှင့်ဒေသအလိုက်ပွင့်လင်းပြီး တရားမျှတသော ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကိုဖန်တီးရန် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း အကြံပြုထားပါသည်။

ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာများတွင် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကမ္ဘာ့တန်ဖိုးကွင်းဆက်နှင့် ပထဝီနိုင်ငံရေးအရွှေ့များက ပါဝင်လာသဖြင့်ရင်းနှီးမြှုပ်နှံမှုမူဝါဒများသည် ကမ္ဘာတလွှားထုတ်လုပ်မှုနည်းလမ်းများအား အဆင့်မြှင့်တင်ခြင်းနှင့် နည်းပညာအသစ်များအား လက်ခံကျင့်သုံးခြင်းစသည့် လိုက်လျောညီထွေနည်းလမ်းများ ကျင့်သုံးလာကြပါသည်။

တရုတ်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုနည်းပါးလာခြင်း

နိုင်ငံစုံကုမ္ပဏီများသည် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ ဆောင်ရွက်လိုခြင်းမရှိ၍ ယခင်ကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးလက်ခံသည့် တရုတ်နိုင်ငံ၏အခန်းကဏ္ဍကျဆင်းလာခြင်းသည် သိသာသောပြောင်းလဲမှုဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ချက်များတွင် ပထဝီဝင်နိုင်ငံရေး လွှမ်းမိုးမှုက ပိုမိုများပြားလာကြောင်း၊ တခါတရံစီးပွားရေးကိုကျော်လွန်စဉ်းစားခြင်း၊ ရှုတ်ထွေးသော ရှေးရိုးရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနည်းလမ်းများ အသုံးပြုခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကြောင့် ဖွံ့ဖြိုးတိုးတက်လာခြင်းကို ဟန့်တားခြင်းများလည်းရှိကြောင်း အစီရင်ခံစာကဖော်ပြထားသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းပညာကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုးလာသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံငယ်များက ရေရှည်တည်တံ့မှုကိုချန်လှပ်ထားခဲ့၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်သည့် အခွင့်အလမ်းများနည်းပါးခဲ့ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ကုန်ထုတ်လုပ်မှု ကဏ္ဍနှေးကွေးသွားမှုအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများက အပြည့်အဝပြန်လည်ဖြည့်ဆည်းမပေးနိုင်သော်လည်း များပြားလာသော စီးပွားရေးစွန့်စားရမှုများရှိကြောင်း ဖော်ပြထားပါသည်။

နည်းပညာကကမ္ဘာ့တန်ဖိုးကွင်းဆက်များတွင် ပါဝင်လာခြင်း

ဖွံ့ဖြိုးဆဲနိုင်ငံများ၊အထူးသဖြင့်စတင်ဖွံ့ဖြိုးလာနိုင်ငံများအတွက်ကမ္ဘာ့တန်ဖိုးကွင်းဆက်များ (GVCs) တွင် ပါဝင်ခြင်းသည်မရှိမဖြစ်လိုအပ်ပါသည်။ လက်ရှိနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပုံစံများမှာ တန်ဖိုးမြင့်ဝန်ဆောင်မှုကဏ္ဍများဖြစ်သောကြောင့် ဝင်ငွေနည်းဖွံ့ဖြိုးဆဲနိုင်ငံများက GVC ပါဝင်ရာတွင် နည်းပညာစွမ်းရည်နှင့်လူသားအရင်းအနှီးမရှိခြင်းစသည့် စိန်ခေါ်မှုများသည်တွေ့ကြုံရပါသည်။

ရင်းနှီးမြှုပ်နှံမှုများကိုပိုမိုဆွဲဆောင်ရန်အတွက် နိုင်ငံအများအပြားသည် ကုန်သွယ်မှုနည်းလမ်းအသစ်များကိုရှာဖွေနေကြပြီး FDI လိုအပ်ချက်များနှင့်ကိုက်ညီမည့် ဝန်ဆောင်မှုကဏ္ဍများရှာဖွေခြင်း၊ ဒေသတွင်းတန်ဖိုးကွင်းဆက် အားကောင်းလာစေရန် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။

ဒေသတွင်းချိတ်ဆက်မှုကရင်းနှီးမြှုပ်နှံမှုဆွဲဆောင်နိုင်

ဒေသတွင်းတန်ဖိုးကွင်းဆက်တိုးတက်လာပါက ပြောင်းလဲနေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပုံစံများနှင့် လိုက်လျောညီထွေဖြစ်စေသလို ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုလှုံ့ဆော်နိုင်သည့် အခွင့်အရေးများ ရရှိပါသည်။

သို့သော်ပြီးခဲ့သည့် ဆယ်စုနှစ်များမှစ၍ နယ်စပ်ဖြတ်ကျော် အရင်းအနှီးနှင့်ကုန်စည်စီးဆင်းမှုတို့တွင် အခက်အခဲများဖြစ်ပေါ်ခဲ့၍ ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက်စိန်ခေါ်မှုများ ရင်ဆိုင်နေရပါသည်။ မူဝါဒချမှတ်သူများအနေဖြင့် နယ်စပ်ဖြတ်ကျော်ဆက်သွယ်မှုများ ပိုမိုလွယ်ကူချောမွေ့စေရန်၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများလွယ်ကူချောမွေ့စေကာ ထိရောက်သော ဒေသတွင်းရင်းနှီးမြှုပ်နှံမှု ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ရန်လိုအပ်ပါသည်။

အဆိုပါစိန်ခေါ်မှုများကို ဖြေရှင်းရန်လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များ (FTAs) များက အဓိကကျပြီး ကမ္ဘာ့တန်ဖိုးကွင်းဆက်များနှင့်အညီ အချက်အလက်များစီးဆင်းမှု၊ ငွေပေးချေမှုစနစ်များ၊ ဒစ်ဂျစ်တယ်ကုန်သွယ်မှုနှင့်ကိုက်ညီသော ရင်းနှီးမြှုပ်နှံမှုပြဋ္ဌာန်းချက်များကို FTA များကဆောင်ရွက်ရ မည်ဖြစ်သည်။အဆိုပါအချက်များသည် အိမ်နီးချင်းနိုင်ငံများနှင့်ချိတ်ဆက်ရန် နယ်စပ်တစ်လျှောက် အထူးစီးပွားရေးဇုန်များ တည်ထောင်နိုင်ရန်စသည့် ရင်းနှီးမြှုပ်နှံမှုများဆွဲဆောင်ရန် လိုအပ်သော အခြေခံအချက်များဖြစ်ပါသည်။

Source: The Nation “ UN Report highlights changing FDI landscape ”.

Source: ကုန်သွယ်ရေးဦးစီးဌာန၊ WTO ဌာနခွဲ

Source: https://commerce.gov.mm

Category: International News