Local News

အင်လေးဒေသထွက် ခရမ်းချဉ်သီးများ အရောင်းအဝယ်ကောင်းနေ

Last Updated:

မန္တလေးမြို့ အောင်မြေသာစံခရိုင်ရှိ သီရိမာလာကုန်စိမ်းလက်ကားဈေးအတွင်းသို့ ယခုအချိန်တွင် အင်းလေးဒေသမှ ဝင်ရောက်လာသည့် ခရမ်းချဉ်သီးများ အ‌ရောင်းအဝယ်ကောင်းနေကြောင်း အဆိုပါဈေးအတွင်းရှိ ခရမ်းချဉ်သီးပွဲရုံများထံမှ သိရသည်။ အဆိုပါ ခရမ်းချဉ်သီးများသည် ရှမ်းပြည်နယ်အတွင်း အင်းလေးဒေသမှထွက်ရှိပြီး မန္တလေးမြို့ သီရိမာလာကုန်စိမ်းဈေးသို့ တစ်ရက်လျှင် ခြောက်ဘီးကား ၂၅ စီးမှ အစီး ၃၀ အထိ ပုံမှန်ဝင်ရောက်လျက်ရှိသည်။ ယခုလက်ရှိအချိန်တွင် ဈေးနှုန်းများမှာလည်း အင်းသီး ၁၈ ပိဿာဝင် သေတ္တာတစ်လုံးလျှင် ငွေကျပ် ၂၀၀၀၀ ဈေးအထိရရှိနေကာ အရောင်းအဝယ်များကောင်းမွန်နေကြောင်း မန္တလေးမြို့မှ အောင်ပွဲရုံပိုင်ရှင်  ဦးအောင်မိုးနိုင်က ပြောပြသည်။

“လက်ရှိမှာတော့ ခရမ်းချဉ်သီး အဓိကစိုက်ပျိုးတဲ့ ရှမ်းပြည်နယ် ဒေသဘက်က ခရမ်းချဉ်သီးတွေ ဈေးကွက်ကို အများဆုံးရောက်ရှိလာတာပါ။ မြေပြန့်ဒေသက ထွက်တဲ့ခရမ်းချဉ်သီးတွေက ဝင်ရောက်မှု နည်းသေးတယ်။ အင်းသီးကလည်း အထားခံတော့ ဈေးကောင်းရရှိနေပါတယ်။ တစ်နေ့ကို အင်းလေးဒေသဘက်က ကားစီးရေ ၃၀ လောက်ပုံမှန်ဝင်ရောက်နေပါတယ်။ ခရမ်းချဉ်သီးတွေက ဈေးကောင်းပြီး အ‌ရောင်းအဝယ်လည်းကောင်းနေပါတယ်။ အင်းလေးဒေသကပဲ လက်ရှိမှာဝင်ရောက်နေပါတယ်။ ကျန်တဲ့ကုန်စိမ်းသီးနှံတွေလည်း ပုံမှန်အရောင်းအဝယ်ကောင်းနေပါတယ်” ဟု ၎င်းကပြောသည်။

ဈေးကောင်းများရရှိ

အဆိုပါ ခရမ်းချဉ်သီးများသည် လက်ရှိအချိန်တွင် မန္တလေးဈေးကွက်သို့ အင်းလေးဒေသမှ နေ့စဉ်ဝင်ရေဦက်လျက်ရှိပြီး အရောင်းအဝယ်များကောင်းကာ ဈေးကောင်းများရရှိနေကြော်ငး၊ ခရမ်းချဉ်သီးအပြင် ကျန်သည့်ကုန်စိမ်းသီးနှံများဖြစ်သော ပန်းမုန်လာ၊ ဂေါ်ဖီထုပ်၊ ဘိုစားပဲ၊ မုန်ညင်းဖြူ၊ ခရမ်းသီး၊ ဂေါ်ရခါးသီး၊ အာလူးနှင့် ကြက်သွန်များလည်း ပုံမှန်အနေအထားဖြင့် အရောင်းအဝယ်များ ကောင်းနေကြကြောင်း သိရသည်။

Source: ကြေးမုံသတင်းစာ

Category: Local News