International News

ဖိလစ်ပိုင်နိုင်ငံ၌ ကြက်သွန်နီတင်သွင်းခွင့်ကို မေလအထိ ရပ်ဆိုင်း ပြည်ပကုန်သွယ်မှုသတင်းများ

Last Updated:

ဖိလစ်ပိုင်နိုင်ငံ၌ ပြည်တွင်းကြက်သွန်နီ စားသုံးမှု၊ ဈေးနှုန်းကျဆင်းမှုတို့အခြေအနေအရ ကြက်သွန်တင်သွင်းမှုကို ၂၀၂၄ ခုနှစ် မေလအထိ ရပ်ဆိုင်းမည်ဖြစ်ပြီး ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းနိုင်မည့် လုံလောက်သော ကြက်သွန်နီပမာဏရှိပါက ထိုသို့ ဆိုင်းငံ့ခြင်းကို ဇူလိုင်လအထိ တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီး Mr. Francisco Tiu Laurel က ၁၉-၁-၂၀၂၄ နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဖိလစ်ပိုင်သည် ကြက်သွန်နီတင်သွင်းမှု များပြားသည့်နိုင်ငံ မဟုတ်သော်လည်း ယခင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ရောင်းလိုအားပြတ်လပ်မှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် ကြက်သွန်နီ ဈေးနှုန်း များသည် ကြက်သားဈေးထက် သုံးဆခန့်နှင့် အမဲသားထက် ၂၅% ခန့် စျေးမြင့်တက်ခဲ့ကြောင်းနှင့် ပြည်ပမှဝယ်ယူတင်သွင်းမှု မြင့်တက်ခဲ့ကြောင်း သိရပါသည်။ သို့သော် လက်ရှိအချိန်တွင် ကြက်သွန်နီ ရောင်းလိုအား များပြားသော်လည်း အယ်လ်နီညို ရာသီဥတု အခြေအနေဖြစ်ခြင်းကြောင့် နိုင်ငံ၏ ကြက်သွန်အထွက်နှုန်းမှာ စိုးရိမ်ရကြောင်း Mr. Laurel က ပြောကြားပါသည်။

ပိုမိုပူနွေးသောအပူချိန်နှင့် အယ်နီညိုကြောင့်ဖြစ်ပေါ်သော ခြောက်သွေ့ကာလ ကြာမြင့်မှုတို့က ကြက်သွန်နီ အထွက်နှုန်းကို ထိခိုက်စေနိုင်သည့် ပိုးမွှားများ ပိုမိုပေါက်ဖွားစေနိုင်ကြောင်း၊  အယ်လ်နီညို၏သက်ရောက်မှုကို မတ်လနှင့် ဧပြီလတို့တွင် အပြည့်အဝတွေ့ကြုံရမည်ဟု ခန့်မှန်း ထားကြောင်း ဖိလစ်ပိုင် စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ပါသည်။ ဖိလစ်ပိုင် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ကုန်သည်ကြီးများအသင်းက သီးနှံစိုက်ပျိုးနိုင်သည့် မြေဧရိယာ၏ ၄၀ ရာခိုင်နှုန်းကို ကြက်သွန်နီအတွက် အသုံးပြုထားသည့်အတွက် ကြက်သွန်နီ ပိုလျှံနိုင်မည်ဟု မျှော်လင့်ထားကြောင်း သတင်းရရှိပါသည်။ 

Source: The Edge Malaysia

Source: https://www.doca.gov.mm

Category: International News