တစ်နှစ်မှတစ်ရာသီတွင် စားသုံးရသော ဒန့်သလွန်သီးများမှာ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းရှိ ဈေးများတွင် ရောင်းချလာကြောင်း တွေ့ရပါသည်။ တစ်တောင့်လျှင် ပေါ်ဦးပေါ်ဖျား (၅၀၀) ကျပ်ဖြစ်သော်လည်း ယခုအခါတွင် (၂၀၀) ကျပ်သာရှိပြီး၊ နောင်လှိုင်လှိုင်ပေါလာသည်နှင့်အမျှ ဈေးနှုန်းမှာလည်း ကျဆင်းလာနိုင်ကြောင်း သိရပါသည်။
ဒန့်သလွန်သီးကို ကိုင်းခရမ်းချဉ်သီး၊ ဘူးသီးတို့နှင့်တွဲဖက်၍ ချဉ်ဟင်းချက်စားခြင်း၊ ငါးခြောက်၊ ငါးခြောက်ရိုးများနှင့်ချက်စားခြင်းဖြင့် ထမင်းမြိန်စေသော ဟင်းတစ်ခွက်ကို ရရှိစေနိုင်ပါသည်။ ကျန်းမာရေးအတွက်လည်းအရမ်းကောင်းမွန်စေပြီး ဒန့်သလွန်သီးစားသုံးခြင်းဖြင့် သွေးတိုးကျစေခြင်း၊ မျက်လုံး ကျန်းမာစေနိုင်သည့်အပြင် ကျောက်ကပ်ကိုလည်း အထူးကောင်းမွန်စေကြောင်း သိရှိရပါသည်။ ဒန့်သလွန်သီးစေ့၊ ဒန့်သလွန်ရွက်အပြင်၊ ဒန့်သလွန်ခေါက်အထိပါ ကျန်းမာရေးအတွက် အသုံးဝင်သော အပင်တစ်မျိုးဖြစ်ကြောင်း သိရပါသည်။ ထို့ကြောင့် ရာသီပေါ် ဒန့်သလွန်သီးကို ကျန်းမာရေးအတွက်လည်းကောင်း၊ ထမင်းမြိန်စေသော ဟင်းတစ်ခွက်အဖြစ်လည်းကောင်း စားသုံးနိုင်သည့်အစားအစာတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။
Source: https://www.doca.gov.mm
ရာသီအစားအစာဖြစ်သော ဒန့်သလွန်သီးဈေးကွက်
Category:
Local News