Local News

မအူပင်မြို့နယ်တွင် ငရုတ်သီးအခြောက် တစ်ပိဿာလျှင် ငွေကျပ် ၁၇၅၀၀ ထိ ဈေးကောင်းရရှိ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်တွင် ငရုတ်သီးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၁၇၅၀၀ ထိ ဈေးကောင်းရရှိနေကြောင်း မအူပင်မြို့နယ် စားသောက်ကုန်ပစ္စည်း ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခင်ခင်ဝင်းက ပြောပြ၍ သိရသည်။

မအူပင်မြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လနှင့် ဩဂုတ်လက ငရုတ်သီးအခြောက် တစ်ပိဿာလျှင် ငွေကျပ် ၁၁၀၀၀ ထိသာ ဈေးရှိခဲ့ပြီး စက်တင်ဘာလ ၁ ရက်နေ့မှ ယနေ့(စက်တင်ဘာလ ၃၀) ရက်နေ့ထိ ငရုတ်သီးအခြောက် တစ်ပိသာလျှင် ငွေကျပ် ၁၇၅၀၀ ထိ ဈေးကောင်းရရှိလာကြောင်း၊ အဆိုပါဒေသတွင် ဈေးကောင်းရရှိလာသည့် ငရုတ်သီးအခြောက်များသည် နွေငရုတ်သီးအခြောက် လက်ကျန်များဖြစ်ကြောင်း သိရသည်။

“အရင်လတွေကနဲ့စာရင် အခုလအတွင်း ငရုတ်သီးအခြောက်ဈေးက တော်တော်တက်လာပါတယ်။ လက်ရှိတစ်ပိဿာကို ငွေကျပ် ၁၇၅၀၀ လောက်ထိ ဈေးကောင်းရရှိလာပါတယ်။ လက်ရှိအရောင်းအဝယ် ကောင်းနေတဲ့အပြင် ဈေးကောင်းပါရရှိလာတာပါ။ လက်ရှိဒေသမှာ နွေငရုတ်သီးအခြောက် လက်ကျန်တွေပဲ အ‌ရောင်းအဝယ် ဖြစ်နေတာပါ။ အခုဒေသမှာ ငရုတ်သီးစိမ်းတွေလဲ ထွက်ရှိနေပါတယ်။ လက်ရှိငရုတ်သီးစိမ်း ဈေးကောင်းနေသလို အထွက်နှုန်းကလဲ ကောင်းနေပါတယ်။ အရောင်းအဝယ်ကလဲ သွက်နေပါတယ်။ ဒီနှစ် ငရုတ်စိုက်တောင်သူတွေ အဆင်ပြေနေတာတွေ့ရပါတယ်” ဟု မအူပင်မြို့နယ် စားသောက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခင်ခင်ဝင်းက ပြောပြသည်။

မအူပင်မြို့နယ်မှ တောင်သူများသည် စပါးစိုက်ပျိုးရေးလုပ်ငန်းနှင့်ယှဉ်တွဲပြီး ငရုတ်သီးစိုက်ပျိုးသည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း၊ အဆိုပါဒေသတွင် တောင်သူတစ်ဦးလျှင် ငရုတ်တစ်ဧကမှ ငါးဧကထိစိုက်ပျိုးကြကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News