Local News

ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်ကို ဒီဇင်ဘာလအတွင်း တီလားဗီးယားပိဿာချိန် ၅၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက တီလားဗီးယားပိဿာချိန် ၅၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ပန်းတနော်မြို့နယ် ရေးထွက်ကုန်ပစ္စည်း ရောင်းဝယ်‌ရေးပွဲရုံပိုင်ရှင် ဒေါ်ညိုညိုက ပြောပြ၍ သိရသည်။ ပန်းတနော်မြို့နယ်တွင် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်များသည် ဒေသထွက်ရေထွက်ကုန်ပစ္စည်းများကိုဝယ်ယူပြီး စနစ်တကျ သန့်စင်ထုပ်ပိုးကာ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက တီလားဗီးယားပိဿာချိန် ၄၂၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒီဇင်ဘာလအတွင်း တီလားဗီးယားပိဿာချိန် ၅၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

“ပန်းတနော်မြို့နယ်ကနေ ရေထွက်ကုန်တွေ ရန်ကုန်ဈေးကွက်ကိုပဲ  အဓိကတင်ပို့ရောင်းချပါတယ်။  ပြည်တွင်း ရန်ကုန်ဈေးကွက်ကလဲ တီလားဗီးယားတွေကို ဝယ်ယူမှုကောင်းနေတယ်။  ဒါကြောင့် ပိဿာချိန် တော်တော်များများ တင်ပို့ရောင်းချခဲ့ရပါတယ်။ တီလားဗီးယားငါး ပိဿာချိန်တွေ တော်တော်များများ တင်ပို့ရောင်းချရတာကြောင့် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်‌ရေး လုပ်ငန်းရှင်တွေနဲ့ ကုန်သည်တွေပါ အလုပ်အကိုင် ကောင်းနေပါတယ်” ဟု ဒေါ်ညိုညိုက ပြောပြသည်။

ပန်းတနော်မြို့နယ်တွင် မွေးမြူသည့် တီလားဗီးယားနှင့် သဘာဝအတိုင်း ဖမ်းဆီးရရှိသည့် တီလားဗီးယားများထွက်ရှိကြောင်း၊ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့‌ရောင်းချနေသည့် တီလားဗီးယား တစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News