Local News

ကြိုတင်ငွေသွင်းစရာမလိုဘဲ ပို့ကုန်တင်ပို့ခွင့်ပြုထား

Last Updated:

     ဇူလိုင် (၁) ရက်မှ စတင်ကာ ပို့ကုန်ရငွေ ကြိုတင်ပေးသွင်းစရာမလိုဘဲ ကုန်ပစ္စည်းများ တင်ပို့ခွင့်ပြုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနှင့် မြေပဲဆန်များကို နယ်စပ်ကုန်သွယ်ရေးမှတဆင့် ပြည်ပသို့ တင်ပို့ရာတွင် ပို့ကုန်အတွက် ကြိုတင်ငွေ ပေးသွင်းဝင်ရောက်သည့် (TT) စနစ်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လမှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

          ယခုအခါ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ကုန်ပစ္စည်းတင်ပို့မှု လွယ်ကူချောမွေ့စေရေးအတွက် ဇူလိုင်လ (၁) ရက်မှစတင်ပြီး ပို့ကုန်ရငွေ ကြိုတင်ပေးသွင်းရန်မလိုဘဲ ကုန်ပစ္စည်းများ တင်ပို့ခွင့်ပြုသွားမည်ဖြစ်‌ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ပို့ကုန်ရငွေ ကြိုတင်ပေးသွင်းစရာမလိုသော်လည်း သက်တမ်း (၃) နှစ်အထက် ကုမ္ပဏီဖြစ်ပါက ပို့ကုန်လိုင်စင် လျှောက်ထားမည့် ပို့ကုန်တန်ဖိုး စုစုပေါင်း (၂၀) ရာခိုင်နှုန်းကို အာမခံကြေးအဖြစ် ပေးသွင်းရမည်ဖြစ်ကြောင်းနှင့် သက်တမ်း (၃)နှစ်အောက် ကုမ္ပဏီဆိုပါက ပို့ကုန်တန်ဖိုး စုစုပေါင်း (၃၅) ရာခိုင်နှုန်းကို အာမခံကြေးအဖြစ် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

         ယင်းအပြင် ကုမ္ပဏီ၏ ငွေစာရင်း ပို့ကုန်ရငွေဝင်ရောက်လာသည့်အခါ အာမခံကြေးကို ပို့ကုန်တင်ပို့သည့် ကုမ္ပဏီသို့ ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း၊ သတ်မှတ်ရက်အတွင်း ပို့ကုန်တင်ပို့သည့် ကုမ္ပဏီ၏ ငွေစာရင်း ပို့ကုန်ရငွေ ဝင်ရောက်လာခြင်းမရှိပါက အာမခံကြေးကို သိမ်းယူမည်ဖြစ်ပြီး ကုမ္ပဏီ၏ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်ကိုလည်း ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Source: Popular NewsnJournal 

Category: Local News