International News

အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုတားမြစ်ခြင်းကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မည်ကို စိုးရိမ်

Last Updated:

     ကမ္ဘာ့ကောက်ပဲသီးနှံ  အများဆုံးတင်ပို့နေသည့် အိန္ဒိယနိုင်ငံက ဆန်တင်ပို့မှုကို ထက်ဝက်လျှော့ချရန် ကြာသပတေးနေ့တွင် လမ်းညွှန်ခဲ့ခြင်းကြောင့် ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများ  ကြီးမြင့်လာမည်ကို စိုးရိမ်နေကြပါသည်။ မိုးနှောင်းမိုးများပြီး သီးနှံများပျက်စီးသဖြင့် ပြီးခဲ့သည့်တစ်လအတွင်း ဆန်လက်လီဈေးနှုန်း ၃% တက်သွားရာ အစိုးရမဘာစမာတီ မဟုတ်သော ဆန်ဖြူတင်ပို့မှုကို တားမြစ်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ဆန်တင်ပို့မှုတွင် ၄၀ % ကျော် ပါဝင်နေသည့်အတွက် ရုရှား-ယူကရိန်းစစ်ပွဲနှင့် ရာသီဥတုဖောက်ပြန်မှုများကြောင့် ဈေးတက်နေသောဆန်ဈေးကိုပိုမိုဖောင်းပွ စေမည်ဖြစ်ကြောင်း၊ ဘာစမာတီ မဟုတ်သောဆန်ဖြူကို ပြည်တွင်းတွင် လုံလောက်စွာဝယ်ယူရရှိရန်နှင့် တစ်နှစ်အတွင်း ၁၁.၅% တက်သွားသော ပြည်တွင်းဆန် လက်လီဈေးကို ထိန်းညှိရန်အတွက် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ်က ဆန်တန်ချိန် ၂၂ သန်း တင်ပို့ခဲ့ရာတွင် ဘာစမာတီ မဟုတ်သော ဆန်ဖြူနှင့် ဆန်ကွဲတင်ပို့မှုမှာ တန်ချိန် ၁၀ သန်း ပါဝင်ခဲ့ကြောင်း၊ တင်ပို့ရန် တားမြစ်ထားသည့် ဆန်အမျိုးအစားထဲတွင် ပြီးခဲ့သည့်နှစ်က တန်ချိန် ၇.၄ သန်း တင်ပို့ခဲ့သည့် ပြုတ်ဆန်မပါဝင်ကြောင်း စားနပ်ရိက္ခာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

     ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် လာမည့်နှစ်ရွေးကောက်ပွဲမတိုင်မီ စားသောက်ကုန်ဈေးနှုန်းကြီးမြင့်မည်ကို မိုဒီအစိုးရက စိုးရိမ်နေသည်ကိုပြသခြင်းဖြစ်ကြောင်း၊ မိုဒီအစိုးရသည် ၂၀၂၂ ခုနှစ်ကလည်း ဂျုံနှင့် သကြားတင်ပို့မှုပမာဏများကိုကန့်သတ်ခဲ့သေးကြောင်း၊ ဆန်သည် လူဉီးရေ ၃ ဘီလီယံကျော်အတွက် အဓိကစားသောက်ကုန်ဖြစ်ပြီး အယ်လ်နီညိုကြောင့်ရေရရှိမှုနည်းပါးနေသည့် အာရှတိုက်သည် ရေကြိုက်သည့်သီးနှံများကို စိုက်ပျိုးနေကြောင်း၊ ထို့ကြောင့် ကမ္ဘာ့ဈေးနှုန်းများသည် ၁၁ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိနေကြောင်း၊ ထိုင်းနှင့် ဗီယက်နမ်တို့ကလည်း လိုအပ်ချက်များကို ဖြည့်ဆည်းမပေးနိုင်သေးကြောင်း၊ အိန္ဒိယနိုင်ငံ၏ ယခုဆုံးဖြတ်ချက်ကြောင့် အာဖရိကနိုင်ငံများသည် အထိခိုက်ဆုံးဖြစ်မည်ဖြစ်ကြောင်း၊ သို့သော် နိုင်ငံအများအပြားက တင်ပို့မှုများပြန်လည်စတင်ရန် အိန္ဒိယနိုင်ငံကို တိုက်တွန်းလိမ့်မည်ဖြစ်ကြောင်း၊ အိန္ဒိယဆန်ပို့ကုန်လုပ်ငန်းရှင်များ အသင်းဥက္ကဌ B.V Krishna Rao က ပြောကြားခဲ့သည်။

     အိန္ဒိယဆန်ကို အများဆုံးဝယ်ယူသည့် အာဖရိကနိုင်ငံများမှာ ဘီနင်၊ ဆီနီဂေါ၊ အိုင်ဗရီကို့စ်၊ တိုဂို၊ ဂူနီးယား၊ ဘင်္ဂလားဒေ့ရှ်နှင့် နီပေါနိုင်ငံတို့ဖြစ်ကြပါသည်။ ဆန်တင်ပို့မှုတားမြစ်ခြင်းသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်ပြီး အဆိုပါနေ့မတိုင်မီ သင်္ဘောတင်ပို့မှုများ မပါဝင်ကြောင်း သိရှိရပါသည်။ ပြီးခဲ့သည့်သီတင်းပတ်များက ပန်ဂျပ်၊ ဟာရာနာအပါအဝင် အိန္ဒိယမြောက်ပိုင်းဒေသများတွင် မိုးကြီးမှုများကြောင့် သီးနှံအသစ်များ ပျက်စီးခဲ့ရပြီး ပြန်လည်စိုက်ပျိုးရန် ရေကျချိန် စောင့်ရမည်ဖြစ်ပါသည်။ အခြားဒေသများတွင် ပျိုးပင်အသစ်များကို စိုက်ပျိုးရန် ပြင်ဆင်ခဲ့သော်လည်း ရေလုံ​လောက်စွာမရရှိပါ။ နယူးဒေလီမှ ဆန်ဝယ်ဈေးကို တိုးပေးခဲ့ပြီးနောက် ဆန်စိုက်ဧရိယာ ကျယ်ပြန့်လာမည်ဟု ခန့်မှန်းထားသော်လည်း ၂၀၂၂ ခုနှစ်တွင် ဆန်စိုက်ဧရိယာထက် ၆ % လျော့စိုက်ခဲ့ကြပါသည်။

     အယ်နီနိုကြောင့် ကမ္ဘာ့တတိယ ဆန်အများဆုံးတင်ပို့သည့် ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးသည် ၁၀ စု နှစ်အတွင်း အမြင့်ဆုံးတက်ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်မှစ၍ ဗီယက်နမ် ဆန်ကွဲ ၅% ဈေးနှုန်းသည် တစ်တန်လျှင် ကန်ဒေါ်လာ ၅၁၅ မှ ၅၂၅ ထိ ၊ အိန္ဒိယဆန်ကွဲ ၅ % ဈေးနှုန်းသည် ငါးနှစ်အတွင်း တစ်တန်လျှင် ကန်ဒေါ်လာ ၄၂၁ မှ ၄၂၈ ထိ အမြင့်ဆုံးရောက်ခဲ့ကြောင်း၊ ထိုင်းဆန်ကွဲ ၅% ကို ဝယ်ယူမည်ဆိုပါက တစ်တန်လျှင် ကန်ဒေါ်လာ ၆၀၀ ထိ ပေးရမည်ဖြစ်ကြောင်း၊ ထိုင်းနှင့်ဗီယက်နမ်တို့မှ ဆန်ဝယ်လေ့ရှိသည့် တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ဈေးနှုန်းအမြင့်ပေး၍ ဝယ်ရမည်ဖြစ်ကြောင်း ဥရောပကုန်သည်တစ်ဉီးက ပြောကြားခဲ့သည်ဟု CNN သတင်းဌာနက ဖော်ပြထားပါသည်။

Source: https://edition.cnn.com

https://commerce.gov.mm

Category: International News