Local News

မြန်မာနိုင်ငံမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ်လထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၆၆ သန်း ဝင်ငွေရရှိခဲ့

Last Updated:

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ်လထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ ၃၇၉၃၈၄ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၆၆ သန်း နိုင်ငံခြားဝင်ငွေရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ သတင်းများအရ သိရသည်။

မြန်မာနိုင်ငံ ဆန်နှင့်ဆန်ကွဲများကို ပြည်ပဖောက်သည်ဈေးကွက်နိုင်ငံများသို့ အပတ်စဉ်၊ လစဉ်တင်ပို့ရောင်းချပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ်လထိ ဆန်နှင့် ဆန်ကွဲ ၃၇၉၃၈၄ တန် တင်ပို့ရောင်းချပေးခဲ့ရပြီး အမေရိကန်ဒေါ်လာ ၁၆၆ သန်း နိုင်ငံခြားဝင်ငွေရရှိခဲ့ကြောင်း၊ ထိုသို့ တင်ပို့ရောင်းချပေးရာတွင် ၂၀၂၃ ခုနှစ် ဧပြီလက အမေရိကန်ဒေါ်လာ ၃၆ သန်း တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၈၇၆၄၈ တန်၊ မေလက အမေရိကန် ဒေါ်လာ ၄၈ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၁၁၀၇၀၆ တန်၊ ဇွန်လက အမေရိကန်ဒေါ်လာ ၂၈ သန်း တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၆၂၇၂၅ တန်၊ ဇူလိုင်လက အမေရိကန်ဒေါ်လာ ၂၆ သန်း တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၅၈၃၃၄ တန်နှင့် ဩဂုတ်လက အမေရိကန်ဒေါ်လာ ၂၈ သန်း တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၅၉၉၇၁ တန် စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၆၆ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၃၇၉၃၈၄ တန် တင်ပို့ရောင်းချပေးခဲ့ဖြစ်ကြောင်း သိရသည်။

ယခုအခါ ပြည်တွင်း ဆန်စပါးဈေးကွက်တည်ငြိမ်စေရေးအတွက် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ထိန်းသိမ်းဆောင်ရွက်နေပြီး ဆန်စပါးဈေးကွက်တွင် သမားရိုးကျ ရောင်းဝယ်ခြင်းမဟုတ်သော လုပ်ငန်းများကို ထိန်းကျောင်းနိုင်ရန် ဆန်စပါးသိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရပုဂ္ဂလိက လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

 

Category: Local News