Local News

မြန်မာ-ထိုင်း မြဝတီနယ်စပ် ကုန်သွယ်ရေးဆောင်ရွက်မှုများ

Last Updated:

ကရင်ပြည်နယ်နေရာအနှံ့ မိုးကြီးခဲ့မှုကြောင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် မြဝတီမြို့နှင့် ကော့ကရိတ်မြို့အကြားရှိ ဒေါနတောင်၊ တောနော်ရေတံခွန် အနီးဝန်းကျင်တစ်ဝိုက်တွင် လမ်းပိုင်းတစ်ခု ပြတ်တောက်သွားခြင်း၊ နေရာနှစ်ခုတွင် တောင်ပြိုကျခြင်းများဖြစ်ပေါ်၍ ယာဉ်များသွားလာမရနိုင်တော့ပဲ ကုန်သွယ်မှုလမ်းကြောင်းများ ပြတ်တောက်သွားခဲ့ပါသည်။

ကရင်ပြည်နယ်အစိုးရ၏ ကြီးကြပ်မှု၊ လမ်းဦးစီးဌာန၏ အားသွန်ခွန်စိုက် ဆောင်ရွက်မှုများကြောင့် လမ်းပိုင်းပြတ်တောက်သည့်နေရာတွင် ဘေလီတံတားဆောက်လုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ယာဉ်ငယ်များ ဖြတ်သန်းခွင့်ပြုခဲ့ပြီး ပို့ကုန်/သွင်းကုန် ယာဉ်ကြီးများကိုပါ ပြန်လည်ဖြတ်သန်းနိုင်ရေး ဆောင်ရွက်ခွင့်ပြုပေးပြီး ဖြစ်ပါသည်။

လမ်းပိုင်းပြန်လည်ကောင်းမွန်သွား၍ ပို့ကုန်ပစ္စည်းများမှ ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်မ ချိန်ကိုက် ပျက်စီးမှုမရှိပဲ တစ်ဖက်နိုင်ငံသို့ လွယ်ကူချောမွေ့စွာတင်ပို့နိုင်ရေး ဦးစားပေးဆောင်ရွက်နိုင်ခဲ့ပါသည်။ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့သည့် ပြောင်းသီးနှံကိုလည်း သတ်မှတ်ရက်အတိုင်း အချိန်မီတင်ပို့နိုင်ရေးဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ပြည်တွင်းလိုအပ်မှုရှိနေသည့် သွင်းကုန်ပစ္စည်းများဖြစ်သည့်ဓါတ်မြေဩဇာ၊ တိရိစ္ဆာန်အစာ၊ CMP ကုန်ကြမ်းပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကိုလည်း အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း ပို့ကုန်ယာဉ် ၁၄၅၇ စီး၊ တန်ဖိုး ၁၅.၂၁၉ ဒေါ်လာသန်း၊ သွင်းကုန်ယာဉ် ၂၃၂၇ စီး၊ တန်ဖိုး ၄၀.၀၂၃ ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ ၃၇၈၄ စီး၊ တန်ဖိုး ၅၅.၂၄၂ ဒေါ်လာသန်းကို ကုန်သွယ်မှုပြန်လည်ဆောင်ရွက်နိုင်ခဲ့ပါသည်။ မြဝတီလမ်းပိုင်းသည် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးအတွက် အဓိက ကုန်စည် ကူးသန်းနေသည့် လမ်းပိုင်းဖြစ်သည့်အပြင် ဒေသတွင်းကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့အတွက် အရေးပါသည့်လမ်းပိုင်းဖြစ်၍ သက်ဆိုင်ရာပြည်နယ်အစိုးရနှင့် တာဝန်ရှိသူများမှ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

မြဝတီကုန်သွယ်ရေးဇုန်

Source: https://commerce.gov.mm

Category: Local News