ပြည်ပဈေးကွက်ဝင် မြန်မာ့ပနားမီးပုဇွန်ဖြူကို တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေငန်မွေးမြူရေးကန်များတွင် စနစ် တကျမွေးမြူထုတ်လုပ်ပြီး တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံသို့ တင်ပို့လျက်ရှိသည်။ တနင်္သာရီတိုင်းဒေသကြီး၌ ပနားမီးပုဇွန် ဖြူမွေးမြူထုတ်လုပ်မှုသက်တမ်း နုသေးသော်လည်း ပင်လယ်ရေအရည်အသွေးကောင်းမွန်ခြင်းနှင့် ရေထွက်ကုန်အ ရည်အသွေးကောင်းမွန်ခြင်းတို့ကြောင့် သန့်ရှင်းလတ်ဆတ်မှုရှိသဖြင့် မြန်မာ့ပနားမီးပုဇွန်ဖြူကို ပြည်ပနိုင်ငံများက နှစ် သက်လျက်ရှိကြပြီး နိုင်ငံခြားဝင်ငွေသေချာသော ရေငန်ပုဇွန်မွေးမြူမှုကို ရေလုပ်ငန်းရှင်များ ပိုမိုစိတ်ဝင်စားလာကြ သည်။ ရင်းနှီးမြှုပ်နှံမှုများသော ပနားမီးပုဇွန်ဖြူမွေးမြူရာ၌ ခြောက်ပေအနက်ရှိ နှစ်ဧကခွဲကန် တစ်ကန်လျှင် ပုဇွန်ကောင်ရေနှစ်သန်းမှ လေးသန်းအထိ မွေးမြူလေ့ရှိပြီး ရေလှောင်ကန်နှင့် ပိုးသတ်ကန်တို့ သီးခြားစီထားရှိကာ မွေး မြူထုတ်လုပ်လျက်ရှိသည်။ ပနားမီးပုဇွန်ဖြူမျိုးစိတ်ကို ထိုင်းနိုင်ငံမှ ဝယ်ယူ၍ အဆင့်ဆင့်မွေးမြူပြီး သုံးလကျော်လေး လခန့်အကြာ ရောင်းတန်းဝင်အဆင့်သို့ ရောက်ရှိချိန်တွင် ပြည်ပသို့ တင်ပို့ရောင်းချကြသည်။
ယခုနှစ်မိုးရာသီတွင် မိုးရွာသွန်းမှုများ၍ ရေငန်ပါဝင်နှုန်းကျဆင်းခြင်း၊ ထိုင်းနိုင်ငံမှ ဝယ်ယူစိုက်ထည့်သောမျိုးစိတ်များ ကြီးထွားနှုန်းကျဆင်းခြင်းတို့ကြောင့် ယခင်တစ်ကန်လျှင် တန် ၄၀ ထွက်ရှိရာမှ တန် ၂၀ သာထွက်ရှိခဲ့သဖြင့် မွေးမြူရေးကုမ္ပဏီအချို့ ထိခိုက်မှုများရှိခဲ့ပြီး ပွင့်လင်းရာသီတွင် မူလအခြေအနေအတိုင်း ပြည်ပပို့ကုန်မှ နိုင်ငံခြားဝင် ငွေပြန်လည်ရရှိလာမည်ဟု မွေးမြူရေးကုမ္ပဏီများက မျှော်မှန်းထားသည်။ “မြန်မာ့ပနားမီးပုဇွန်ဖြူကို တရုတ်နဲ့ ဂျပန် ကိုပို့နေပါတယ်။ ဒီနှစ်မိုးများပြီး မျိုးမကောင်းတဲ့အတွက် ပုဇွန်ကြီးထွားနှုန်း ကျဆင်းတာရှိတယ်။ ပုဇွန်ဖြူမျိုးစိတ်ကို ထိုင်းနိုင်ငံက ဝယ်ယူရတာဖြစ်တဲ့အတွက် အစာကိုလည်း အဲ့ဒီနိုင်ငံကပဲ ဝယ်ရပါတယ်။ တရုတ်နိုင်ငံကို ပြုတ်ပြီးသားပုဇွန်တင်ပို့ပြီး ဂျပန်နိုင်ငံကိုအေးခဲပြုလုပ်ပြီး တင်ပို့နေပါတယ်။ ဝယ်လက်ရဲ့ဆန္ဒအတိုင်း တင်ပို့ပေးနေပါတယ်။ လက်ရှိပြည်ပဈေးကွက်မှာ အခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင်ပြီး တင်ပို့နေရတာဖြစ်တဲ့အတွက် အခွန် အခနဲ့ အစာဝယ်ယူရာမှာ လိုင်စင်ကဏ္ဍ မြန်ဆန်စွာဆောင်ရွက်နိုင်မယ်ဆိုရင် ဈေးကွက်မှာ အခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင် နိုင်မှာပါ။ တရုတ်နိုင်ငံကို တရားဝင်တင်ပို့ခွင့် ရရှိထားတာကြောင့် ပနားမီးပုဇွန်ဖြူကို တိုးမြှင့်ထုတ်လုပ်မွေးမြူပြီး တင်ပို့နိုင်မယ်ဆိုရင် နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေရရှိတဲ့အပြင် မွေးမြူတဲ့ကုမ္ပဏီတွေလည်း အဆင်ပြေပြီး ရေထွက်ကုန် ဈေးကွက်မှာ မြန်မာ့ပုဇွန်ဖြူတစ်ခေတ်ဆန်းသစ်လာမယ်လို့ ပြောလို့ရပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးသက်စိုးက ပြောသည်။ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ပြည့်ဖြိုးထွန်းကုမ္ပဏီ၏ ၈၃၂ ဧက၌ ပုဇွန်မွေးမြူရေးကန် ၁၀၅ ကန်၊ ခိုင်ဇင်ယော်ကုမ္ပဏီ (မစမ်းပါး)၏ ၅၃၁ ဒသမ ၀၅ ဧက၌ ပုဇွန်မွေးကန် ၅၃ ကန်၊ ပုလောမြို့နယ် ရွှေကံမော်ကုမ္ပဏီ၏ ၂၉၉ ဒသမ ၇၇ ဧက၌ ပုဇွန်မွေးမြူရေးကန် ၂၅ ကန်နှင့် ထပ်မံတိုးချဲ့သည့် ထူးထူးတိုးကုမ္ပဏီနှင့် ဩဘာစံကုမ္ပဏီတို့က မွေးမြူရေးကန် ၁၀ ကန်မှ ၁၅ ကန်အထိ မွေးမြူလျက်ရှိရာ ပနားမီးပုဇွန်ဖြူ မွေးမြူရေးကန်ပေါင်း ၂၀၀ ကျော်မှ လေးလတစ်ကြိမ် မွေးမြူထုတ်လုပ်၍ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သိရှိရသည်။
Source: ကြေးမုံသတင်းစာ