Local News

ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှထွက်ရှိသည့် ငါးမြွေထိုးခြောက်များ အရောင်းအဝယ်ကောင်းနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှ ထွက်ရှိသည့် ငါးမြွေထိုးခြောက်များအရောင်းအဝယ် ကောင်းနေကြောင်း ဘိုကလေးမြို့နယ်မှ ငါးခြောက်မျိုးစုံ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခင်ခင်က ပြောပြ၍ သိရသည်။

ဘိုကလေးမြို့နယ်တွင် နိုဝင်ဘာလ ဒုတိယပတ်မှ ယနေ့(နိုဝင်ဘာလ ၂)ရက်နေ့ထိ ဒေသထွက်ကုန် ငါးမြွေထိုးခြောက်များ အရောင်းအဝယ်ကောင်းလျက်ရှိပြီး တစ်ရက်လျှင် ငါးမြွေထိုးခြောက် ပိဿာချိန်  ၂၀၀  မှ  ၅၀၀ ထိ  အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း၊  အဆိုပါဒေသမှ  ထွက်ရှိသည့်ဒေသထွက်  ငါးမြွေထိုးခြောက်များကို  ဒေသတွင်း  ဈေးကွက်အပြင်  ပုသိမ်၊  ရန်ကုန်၊ နေပြည်တော် စသည့်မြို့များက မှာယူမှုများပြားနေကြောင်း သိရသည်။

“နိုဝင်ဘာလ ဒုတိယပတ်လောက်ကတည်းက အရောင်းသွက်ခဲ့တာပါ။ လက်ရှိတော့ ပုံမှန်ထက်တော်တော်လေးကို အရောင်းသွက်နေပါတယ်။ ရန်ကုန်ဈေးကွက်က ငါးခြောက်တွေကို မှာယူတာများနေလို့ပါ။ ငါးမြွေထိုးခြောက်လုပ်ငန်းက ဘိုကလေးဒေသခံတွေရဲ့ ဒေသစီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ အခုလို ငါးခြောက်တွေမှာ ကုန်များလာတာကြောင့် ငါးမြွေထိုးခြောက် လုပ်ငန်းနယ်ပယ်အသီးသီးက သူတွေလဲ အဆင်ပြေလာပါတယ်” ဟု ဘိုကလေးမြို့နယ်မှ ငါးခြောက်မျိုးစုံ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခင်ခင်က ပြာပြသည်။

ဘိုကလေးမြို့နယ်မှ ငါးခြောက်ရောင်းဝယ်ရေး လုပ်ငန်းရှင်များသည် ဒေသထွက်ငါးမြွေထိုးအစိမ်းများကိုဝယ်ယူပြီး အချို၊ အငန်စပ်ပြီး စနစ်တကျအခြောက်လှန်းကာ စားသုံးရန်အဆင့်ထိ ပြုလုပ်၍ ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ငါးမြွေထိုးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၁၂၅၀၀ မှ ၂၅၀၀၀ ထိ ဈေးပေါက်နေကြောင်း၊ အဆိုပါ ငါးမြွေထိုးခြောက်များကို ယခုလတွင်လည်း ရန်ကုန်ဈေးကွက်မှ ဝယ်ယူအားကောင်းနေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News