Local News

အိန္ဒိယနိုင်ငံသို့ မြန်မာ့ထောပတ်သီးကို ရေလမ်းကြောင်းမှ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိ

Last Updated:

အိန္ဒိယနိုင်ငံအခြေစိုက် ထောပတ်သီး ကုမ္ပဏီတစ်ခုမှ မြန်မာ့ထောပတ်သီးကို ဝယ်ယူရန် ကမ်းလှမ်းထားပြီး သယ်ယူပို့ဆောင် စရိတ်သက်သာစေမည့် ရေလမ်းကြောင်းမှတင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ထောပတ်သီးစိုက်ပျိုး ထုတ်လုပ်သူများ၏ ပြောပြချက်အရ သိရသည်။ မြန်မာနိုင်ငံမှထွက်ရှိသည့် ပဲမျိုးစုံနှင့် ထောပတ်သီးတို့ကို အိန္ဒိယနိုင်ငံသံရုံး၌ ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု (၇၅) နှစ်မြောက် အထိမ်းအမှတ်ပွဲတွင် မိတ်ဆက်ပြသခဲ့ပြီး အရည်အသွေးကောင်းမွန်သော Hass အမျိုးအစား ထောပတ်သီးကို နှစ်သက်ကြသဖြင့် အိန္ဒိယနိုင်ငံမှ ဝယ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

“အိန္ဒိယနိုင်ငံက  ထောပတ်သီးဝယ်ဖို့ ကမ်းလှမ်းထားတာရှိတော့ အဆင်ပြေဆုံးနဲ့ စရိတ်အသက်သာဆုံး ဖြစ်မယ့်လမ်းကြောင်းကို စဉ်းစားရတာပေါ့။ လောလောဆယ် ရေလမ်းကြောင်းကနေ စမ်းသပ်တင်ပို့ဖို့ လုပ်နေပါတယ်”ဟု ထောပတ်သီး စိုက်ပျိုးထုတ်လုပ်သူ  ဦးခွန်ထွန်းကပြောသည်။ ကမ္ဘာ့ဈေးကွက်တွင် ထောပတ်သီး တစ်ကီလိုလျှင် အမေရိကန်ဒေါ်လာ ငါးဒေါ်လာအထိ ဈေးရရှိနေပြီး ပြည်ပသို့ လေကြောင်းဖြင့် ပို့ဆောင်စရိတ်မှာ တစ်ကီလိုလျှင် အမေရိကန်ဒေါ်လာ သုံးဒေါ်လာရှိသည့်အတွက် ရေလမ်းကြောင်းမှ တင်ပို့ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊  ထို့အတူ တောင်ကြီးမြို့၌ အအေးခန်းစက်ရုံများ တည်ဆောက်နိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် ထောပတ်သီးစိုက်ပျိုး ထုတ်လုပ်သူများအသင်းတို့   ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ဒေသထွက်ထောပတ်သီးနှင့် ကိုင်းဆက်အသီးဟူ၍ စိုက်ပျိုးထုတ်လုပ်လျက်ရှိကာ ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့၌ စိုက်ပျိုး ထုတ်လုပ်လျက်ရှိပြီး ပြည်ပသို့ ရှမ်းပြည်နယ်တောင်ပိုင်းမှ ထွက်ရှိသည့် ထောပတ်သီးကို  အများဆုံးတင်ပို့လျက်ရှိကြောင်း၊  မြန်မာနိုင်ငံ၌ ဒေသထွက်ထောပတ်သီးတန်ချိန်  ၄၀၀၀  မှ ၅၀၀၀ အထိထွက်ရှိပြီး  ပြည်ပဈေးကွက်ဝင် ကိုင်းဆက်ထောပတ်သီး တန်ချိန် ၁၅၀၀ မှ ၂၅၀၀ အထိ ထွက်ရှိကြောင်း သိရသည်။

Source: https://www.myawady.net.mm

Category: Local News