Local News

ကြံစိုက်ပျိုးရန် လယ်ယာမြေအသုံးချခွင့် ဖြေလျှော့ပေးနိုင်ရေး တင်ပြထား

Last Updated:

သကြားစက်ရုံနယ်မြေတစ်ခုချင်းအလိုက် ကြံစိုက်ပျိုးရေး၊ ဝယ်ယူရေးနှင့် ကြိတ်ဝါးရေးဆိုင်ရာ နယ်နိမိတ်သတ်မှတ်၍ စက်ရုံပတ်လည်ကြံစိုက်ဧရိယာ ပိုမိုစုဖွဲ့နိုင်စေသော လယ်ယာမြေအသုံးချခွင့်သတ်မှတ်ချက်အချို့ကို ဖြေလျှော့ပေးပါရန် မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်သို့ တင်ပြထားသည်။

သကြားစက်ရုံနှင့်အနီးတစ်ဝိုက်တွင် ကြံစိုက်ပျိုးထုတ်လုပ်ကြိတ်ဝါးခွင့်ရခြင်းဖြင့်ကြံဝယ်ယူရေးနှင့် သယ်ယူရေးအဆင်ပြေခြင်း၊ တောင်သူအတွက် ကြံကုန်ကြမ်းထုတ်လုပ် စရိတ်သက်သာခြင်း၊ စက်ရုံအတွက်သကြားတစ်တန် ထုတ်လုပ်ကုန်ကျစရိတ်သက်သာခြင်း၊ စားသုံးသူအတွက်သကြားဝယ်ယူဈေး သက်သာခြင်း၊ နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်စွမ်းအားကောင်းမွန်ခြင်းစသော အကျိုးရလဒ်များ ရလာမည်ဖြစ်ကြောင်း တင်ပြချက်အရ သိရသည်။

သို့သော် လက်တွေ့တွင်ဆည်ရေသောက်စနစ်များ တိုးချဲ့လာခြင်းကြောင့်သကြားစက်ရုံအနီးရှိမူလကြံစိုက်ဧရိယာများမှာ ရေသွင်းကြောင်းဖြတ်သန်းရာတစ်လျှောက်ဖျက်သိမ်းခံရ၍ ကြံစိုက်ဧကအများစုသည် ဝေးလံသောဒေသတွင် ပေါ်ပေါက်ခဲ့ရကြောင်း၊ ဥပမာအနေဖြင့် ရေတာရှည်၊ မြို့လှ၊ အုတ်တွင်း၊သကြားစက်ရုံနယ်မြေများ ဖြစ်သည်ဟု မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက ဆိုသည်။

ထို့အပြင် ဆိုးကျိုးများအဖြစ် ဝေးလံသောဒေသမှ ကြံကိုဝယ်ယူ၊သယ်ယူ၊ ကြိတ်ဝါးရ၍ ထုတ်လုပ်စရိတ်ကြီးမြင့်လာခြင်း၊ နီးစပ်ရာကြံများကို စက်ရုံအချင်းချင်းအလုအယက်ဝယ်ယူကြ၍ ကန်ထရိုက်လယ်ယာစနစ်ပျက်ပြားသွားခြင်း၊ကြံစိုက်ပျိုးရေး၊ ဝယ်ယူရေး၊ သယ်ယူရေး၊ကြိတ်ဝါးရေးအစီအစဉ်များဟန်ချက်ပျက်သွား၍ သကြားထုတ်လုပ်မှုစရိတ်ကြီးမြင့်လာခြင်း၊ ကြံတောင်သူများ၏ အကျိုးအမြတ်ဝေစုကို ကြံသယ်ယာဉ်ကားသမားအားခွဲဝေပေးလိုက်ရ၍ အကျိုးအမြတ်နည်းသွားခြင်း၊စက်ရုံနယ်မြေတစ်ခုလုံးအတွက် ယှဉ်ပြိုင်မှုစွမ်းအားကျဆင်းခြင်းတို့ကိုလည်း ကြုံတွေ့နေရသည်ဟု ဆိုသည်။

"ကြံစိုက်ဧကတွေက ဒီနှစ်မှာလျော့လာတယ်။ ဘာလို့ဆို သွင်းအားစုစရိတ်တွေမြင့်တက်လာတာကြောင့် သိပ်မစိုက်နိုင်တော့ဘူး။ အခက်အခဲတွေတော့ ရှိတာပေါ့။ မကြာခင်ဆိုရင်ပဲ ကြံကြိတ်ရာသီရောက်တော့မယ်။ ဈေးဘယ်လောက်ပေးမလဲတော့မသိဘူး။ မနှစ်ကထက်ပိုပေးရင်တော့ မဆိုးဘူးပေါ့" ဟု ပြည်မြို့နယ်မှ ကြံစိုက်တောင်သူတစ်ဦးကပေါ်ပြူလာနယူးစ်သို့ ပြောသည်။

နှစ်စဉ် ဒီဇင်ဘာ၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလသည် ကြံကြိတ်ရာသီဖြစ်ကြောင်း၊ မြန်မာ့ ပြည်တွင်းစားသုံးမှုဖူလုံမှသာ ပြည်ပသို့တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။ ပြည်ပတင်ပို့မှု့အနေဖြင့် ဗီယက်နမ်နိုင်ငံသို့ အဓိက တင်ပို့နေပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် အင်ဒိုနီးရှား အပါအဝင် အာဆီယံနိုင်ငံတွေက ဝယ်ယူရန်ကမ်းလှမ်းထားကြောင်း သိရသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ကြံစိုက်ဧက လေးသိန်းသုံးသောင်းကျော်ရှိပြီး၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့်တောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းဒေသကြီးတွင် အဓိကစိုက်ပျိုးနေခြင်းဖြစ်ကြောင်း သိရသည်။

Source: Popular News Journal

Category: Local News