Local News

ပြည်တွင်းကုလားပဲဈေးကွက်မြင့်တက်၍ စိုက်တောင်သူများ အကျိုးအမြတ်ရရှိ

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့အနောက်ပိုင်း ရွာသစ်ရပ်ကွက်နှင့် ကိုးထောင့်၊ အောက်ဆိပ်၊ ချင်တောင်၊ မြင်ကဝ၊ ဂွေးပင်၊ ကူရှည်၊ အလယ်စု၊ ရွာမ၊ လိပ်ခြံအုပ်စုအတွင်းရှိ‌ ကျေးရွာများတွင် ဆောင်းသီးနှံကုလားပဲကို မြစ်ရေဝင်ကိုင်းကျွန်းများ၊ ကြက်သွန်ခင်းကျွတ်များ၊ လယ်ကွဲမြေစပါးခင်းကျွတ်များ၌ နှစ်စဉ်စိုက်ဧက(၃၀၀၀)ခန့်စိုက်ပျိုးပြီး ထိုင်ဝမ်ကုလားပဲလုံးကြီး (အဖြူ)မျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ ကုလားပဲသီးနှံစိုက်ပျိုးရာတွင် လွယ်ကူပြီး ကုန်ကျစရိတ်နည်း၍ အထွက်နှုန်းကောင်းမွန်ခြင်းအပြင် ဈေးကွက်ခိုင်မာမှုလည်းရှိ၍ ယခု၂၀၂၄ ခုနှစ်တွင် စိုက်ဧက (၄၀၀၀) ခန့်တိုးချဲ၍ စိုက်ပျိုးထားရှိကြောင်း၊ အောက်တိုဘာလကုန် နိုဝင်ဘာလထိစိုက်ပျိုးပြီး ဖေဖော်ဝါရီလကုန်မှ မတ်လထိ သီးနှံရိတ်သိမ်းကြောင်း၊ မြေအောက်ရေအပြင် ရေဖြန်းစနစ်ဖြင့် စိုက်ပျိုးကြောင်းသိရှိရပါသည်။

ကုလားပဲသီးနှံတစ်ဧကစိုက်ပျိုးလျှင် အထွက်တင်း(၂၀-၂၂)ထိထွက်ရှိပြီး တစ်ဧကကုန်ကျစရိတ်မှာ ကျပ်(၆၀၀၀၀၀)ကုန်ကျကြောင်း၊ ယခုနှစ်ဒေသတွင်းကုလားပဲဈေးကွက်တွင် တစ်တင်းလျှင် ကျပ် (၁၂၀၀၀၀)ဖြင့်ရောင်းချရ၍ ဝင်ငွေမှာ ကျပ်(၂၄)သိန်းရရှိပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၁၈)သိန်းခန့်ရရှိကြောင်း အနောက်ပိုင်းရပ်ကွက်ရှိ စိုက်တောင်သူထံမှသိရသည်။

ဈေးနှုန်းဈေးကွက်အနေဖြင့် ကုလားပဲလုံးကြီး(အဖြူ)တစ်တင်းလျှင် အမြင့်ဈေးမှာ (၂၀၂၁)ခုနှစ်တွင် ကျပ်(၃၆၀၀၀)၊ (၂၀၂၂)ခုနှစ်တွင် ကျပ်(၇၂၀၀၀)၊ (၂၀၂၃)ခုနှစ်တွင် ကျပ်(၉၀၅၀၀)၊ (၂၀၂၄)ခုနှစ်တွင် သီးနှံပေါ်စ ဖေဖော်ဝါရီလလယ်၌ ကျပ်(၈၈၀၀၀)ပေါက်ဈေးရှိပြီး ပြည်တွင်းဝယ်လိုအားဈေးကွက်နည်း၍ တစ်တင်းလျှင် ကျပ်(၇၈၀၀၀)ထိကျဆင်းသွားပြီး ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(စတုတ္ထပတ်) တွင် လှောင်လက်သမားများအဝယ်လိုက်လာ၍ ကုလားပဲအုပ်စုအနည်းငယ်ဈေးတက်လာပြီး တစ်တင်းလျှင် ကျပ်(၁၂၀၀၀၀)ထိဈေးမြင့်လာကြောင်း၊ ယခုနှစ်တွင် ကုလားပဲဈေးကွက်မြင့်ပြီး အထွက်နှုန်းကောင်း၍ စိုက်တောင်သူများ အကျိုးအမြတ်ရရှိနေကြောင်းသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News