Local News

ကျောက်ဆည်တွင် ငှက်ပျောသီးနှံများ ဈေးကောင်းရ

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင်း၌ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ငှက်ပျောသီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ငှက်ပျောစိုက်ဧက (၂၉၃၃)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး လက်ရှိအချိန်တွင် (၁၂၁၀) ဧက ရိတ်သိမ်းပြီးစီးကြောင်း၊ ပျမ်းမျှအထွက်နှုန်းအနေဖြင့် ငှက်ပျောခိုင်ပေါင်း (၉၆၀၀၀၀) ခိုင် ထွက်ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် ငှက်ပျော တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်းကုန်ကျစရိတ် (၁,၅၀၀,၀၀၀) ကျပ် ကုန်ကျပြီး တစ်ဧက အထွက်နှုန်းအနေဖြင့် ငှက်ပျောခိုင် (၈၀၀) ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် အခိုင် (၄၀) ပါ ငှက်ပျောလှည်း တစ်စီးလျှင် (၄၀၀,၀၀၀) ကျပ်ခန့်ဖြင့် ရောင်းချရကြောင်း၊ ကြိုရောင်းဈေးနှုန်းအနေဖြင့် ငှက်ပျောလှည်းတစ်စီး လျှင် (၃၀၀,၀၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း၊ ယခင်နှစ်၌ ငှက်ပျောသီး (ဖီးကြမ်း) လက်ရင်းတစ်ဖီးလျှင် (၂,၈၀၀) ကျပ်၊ လက်ဖျား တစ်ဖီးလျှင် (၂,၃၀၀) ကျပ်ဖြင့် အရောင်း  အဝယ်ဖြစ်ခဲ့ပြီး ယခုအချိန်တွင် ငှက်ပျောသီး (ဖီးကြမ်း) လက်ရင်းတစ်ဖီးလျှင် (၃,၀၀၀)ကျပ်၊ လက်ဖျားတစ်ဖီးလျှင် (၂,၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ငှက်ပျောသီးဈေးနှုန်းများ ကောင်းမွန်သောကြောင့် တောင်သူများအကျိုးအမြတ်ပိုမိုရရှိကြောင်း ငှက်ပျောစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

Source: https://commerce.gov.mm

Category: Local News