မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အတွင်းရှိ ပန်းတော်ပြင်၊ ရေခါး၊ ကုန်းကြီး၊ တောင်ဦး၊ လယ်လှနှင့်ဒေါင်းဘုတ် စသည့်ကျေးရွာများတွင် တောင်သူများမှာ ချည်မျှင်ရှည်ဝါကို စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။
အထက်မင်းလှမြို့နယ်အတွင်း ချည်မျှင်ရှည်ဝါစိုက်ဧကမှာ စုစုပေါင်း(၂၉၈၁၃)ဧကရှိပြီး ရွှေတောင်(၈)၊ ရွှေတောင်(၁၀)၊ ငွေချည်(၉)၊ ငွေချည်(၁၁)၊ RAKA(666)၊ B31 စသည့်ဝါအမျိုးအစားများအနက် ရွှေတောင်(၈)ဝါအမျိုးအစားကိုသာ အများဆုံးစိုက်ပျိုးကြောင်းသိရှိရပါသည်။ စိုက်ပျိုးရာတွင် အစေ့ချစနစ်ဖြင့် (၁)ဧကလျှင် ဝါမျိုးစေ့(၃)ပိဿာခန့်အသုံးပြုရပြီး (၁)ဧကလျှင်ကုန်ကျစရိတ်မှာ ကျပ်(၈၃၀၀၀၀)ကုန်ကျကြောင်း၊ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၁၅)ရက်နေ့တွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလတွင် ဝါကောက်နေရပြီဖြစ်ကြောင်း၊ ထွက်ရှိမှုမှာ (၁)ဧကလျှင် ပိဿာ၅၀၀မှ ပိဿာ၇၀၀ကြားထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(စတုတ္တပတ်)တွင် ဝါ(၁)ပိဿာလျှင် ကျပ်(၃၁၀၀)ရရှိပြီး အထက်မင်းလှမြို့ရှိဝါပွဲရုံများသို့ရောင်းချလျက်ရှိကြောင်း ဝါစိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။ အထက်မင်းလှမြို့နယ်တွင် ချည်မျှင်ရှည်ဝါအထွက်နှုန်းမြင့်မားရေးအပြင် နေကြာ၊ စပါး၊ နှမ်း၊ ကုလားပဲ၊ မြေပဲ၊ ချည်မျှင်ရှည်ဝါသီးနှံများကို စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများနှင့်ပူးပေါင်း၍ မျိုးစေ့များဖြန့်ဝေပေးခြင်း၊ မြေဩဇာများကို ကုမ္မဏီများမှ ကုန်ကြွေးစနစ်ဖြင့်ဝယ်ယူရရှိနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခြင်းနှင့် စိုက်ပျိုးရေးနည်းစနစ်များကိုလည်း ဖြန့်ဝေပေးခြင်းများဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။
Source: https://www.doca.gov.mm