ရန်ကုမြို့ရှိ ကြည့်မြင်တိုင်စံပြငါးဈေးသို့ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အဖြစ် ပင်လယ်ထွက်ကုန်အမျိုးအစား ၈၀ ခန့် ပုံမှန်ဝင်ရောက်လျက်ရှိပြီး ပြည်ပပို့ကုန်အဖြစ် ဆော်ဒီအာရေဗျ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့ ကို အအေးခန်းစက်ရုံများမှ တစ်ဆင့် ရေလမ်းကြောင်းဖြင့် ပုံမှန်တင်ပို့လျက်ရှိကြောင်း အဆိုပါဈေးမှ သိရသည်။ ရန်ကုန်မြို့တွင် ပင်လယ်ငါးဖမ်းစက်လှေများဆိုက်ကပ်ရာဆိပ်ခံတံတား ၁၀ ခုကျော်ရှိပြီး ယခုရက်ပိုင်းအတွင်း မြန်မာ့ ပင်လယ်ပြင်မှ ပြည်ပသို့ တင်ပို့သည့် ငါးနှပ်၊ ငါးတံခွန်၊ ငါးပုတ်သင်နှင့် ပုစွန်များအဆက်မပြတ် ဝင်ရောက်လျက်ရှိသည့် အတွက် နှစ်သစ်ကူးကာလ၌ ပင်လယ်ရေထွက်ကုန်များ အရောင်းအဝယ်ကောင်းလျက်ရှိသည့်အပြင် ပြည်ပဝယ်လိုအား ကောင်းသည့် ငါးသလောက်နှင့်ကင်းမွန်များ ရန်ကုန်ဈေးကွက်သို့ ယခုလအတွင်း လှိုင်လှိုင်ဝင်ရောက်လာနိုင်ကြောင်း ငါးလုပ်ငန်းရှင်များက ခန့်မှန်းထားကြောင်း သိရသည်။ “ပင်လယ်ပြင်ကဝင်လာတဲ့ ငါးပုစွန်တွေကို ရန်ကုန်ဆိပ်ခံတံတားကနေ အအေးခန်းစက်ရုံတွေကို တင်ပို့ပြီး အဲ့ဒီကတစ်ဆင့်ကွန်တိန်နာနဲ့ ရေလမ်း ကြောင်းကနေ ပြည်ပကို ပို့ကြတာပါ။ ပြည်ပဝယ်လက်တွေကိုယ်တိုင် ဆင်းပြီးမှာလို့ ပို့တာရှိသလို ကိုယ်စားလှယ်တွေ ကတစ်ဆင့် ပို့တာလည်းရှိပါတယ်။ ဒီလိုပို့တဲ့အခါ ပင်လယ်ငါးအပြင် ရေချိုထွက်ကုန်တွေပို့နေတာလည်း ရှိတယ်။ ပင်လယ်ငါးက ရာသီမရွေး ပို့ပါတယ်” ဟု ရေလုပ်ငန်းရှင် ဒေါ်တင်နွယ်၏ ပြောပြချက်အရ သိရှိရသည်။
Source: ရတနာပုံ သတင်းစာ