Local News

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလတွင် ငှက်ပျောမျိုးစုံ အဖီးရေ ၃၇၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ယခုနှစ် ဇန်နဝါရီလတွင် ငှက်ပျောမျိုးစုံ အဖီးရေ ၃၇၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း မော်လမြိုင်ကျွန်းမြို့နယ်ရှိ ငှက်ပျောရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ‌ဒေါ်စုစုခိုင်က ပြောပြ၍ သိရသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ဒေသထွက်ငှက်ပျောများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ငှက်ပျောမျိုးစုံ အဖီးရေ ၂၉၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ငှက်ပျောမျိုးစုံ အဖီးရေ ၃၇၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ကြောင်း၊ ထိုဇန်နဝါရီလအတွင်း တင်ပို့ရောင်းချခဲ့သည့် ငှက်ပျောများသည် ဖီးကြမ်း၊ ရခိုင်၊ သီးမွှေး၊ ဆင်စွယ်စသည့်ငှက်ပျော အမျိုးအစားများအများဆုံး တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

“ဇန်နဝါရီလအတွင်း ငှက်ပျောမျိုးစုံ အဖီးရေ ၃၇၀၀၀၀ ထိ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချခဲ့ရပါတယ်။ ပြီးခဲ့တဲ့လတွေကထက် ဇန်နဝါရီလအတွင်း ငှက်ပျောသီးတွေ တင်ပို့မှုအားကောင်းခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်က ဒေသထွက်ကုန်တွေ အဓိကတင်ပို့တဲ့ ဈေးကွက်ပါ။ လက်ရှိပွဲရုံကိုလဲ ငှက်ပျောသီးတွေ အဝင်သွက်နေတယ်။ ဖေဖော်ဝါရီလထဲမှာလဲ အမှာကုန်တွေရှိနေပါတယ်” ဟု မော်လမြိုင်ကျွန်းမြို့နယ်ရှိ ငှက်ပျောရောင်းဝယ်ရောင်းပွဲရုံပိုင်ရှင် ဒေါ်စုစုခိုင်က ပြောပြသည်။

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ငှက်ပျောဈေးနှုန်းများသည် ဖီးကြမ်းအဖီးရေ ၁၀၀ လျှင် ငွေကျပ် ၁၂၀၀၀၀၊ ရခိုင်ငှက်ပျောအဖီးရေး ၁၀၀ လျှင်‌ ငွေကျပ် ၈၂၀၀၀၊ သီးမွှေးငှက်ပျောမျိုးစုံအဖီးရေ ၁၀၀ လျှင် ငွေကျပ် ၁၄၅၀၀၀ နှင့် ဆင်စွယ်ငှက်ပျောအဖီးရေ ၁၀၀ လျှင် ငွေကျပ် ၁၄၅၀၀၀ ထိ ဈေးပေါက်ခဲ့ကြောင်း၊ အဆိုပါ ဒေသမှတောင်သူများသည် ငှက်ပျောများကို လယ်ကွင်းထဲတွင်လည်းကောင်း၊ ခြံများတွင်လည်းကောင်း စိုက်ပျိုးကြပြီး ဖီးကြမ်းငှက်ပျောနှင့် ရခိုင်ငှက်ပျောတို့ကို အဓိကထားစိုက်ပျိုးကြကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News