Local News

ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် ဆန်များကို ပြည်ပသို့ ပိုမိုတင်ပို့ခွင့်ပြုမည်

Last Updated:
      ရခိုင်ပြည်နယ်မှထွက်ရှိသည့် ဆန်များကို ပြည်ပနိုင်ငံသို့ ပိုမိုတင့်ခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောသည်။ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၃) ရက်က ပြုလုပ်သည့် ရခိုင်ပြည်နယ်ဒေသ လူမှုစီးပွားဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ (၁/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
 
     ရခိုင်ပြည်နယ်နှင့် ဆက်စပ်သည့် ကုန်သွယ်မှုအပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြင့် အစိုးရချင်း ချိတ်ဆက်သည့်စနစ်ဖြင့် ဆန်ရောင်းဝယ်နိုင်ရေးအတွက် ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ထားခြင်း ဖြစ်သည်။ အဆိုပါ စာချွန်လွှာအရ ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ် ဒေသထွက် ဆန်တန်ချိန် (၂၅၀၀) အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် (၂) သိန်း တင့်ပေးနိုင်ခဲ့ပြီး လာမည့်ဘဏ္ဍာနှစ်များတွင် ရခိုင်ပြည်နယ်မှ ထွက်ရှိသည့်ဆန်များကို ပိုမိုတင်ပို့နိုင်ရေး ခွင့်ပြုသွားမည်ဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။
 
      မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ်ဆန်ဖြူတန်ချိန် (၂၅ဝဝဝဝ) နှင့် ပေါင်းဆန် တန်ချိန် (၅ဝဝဝဝ)အထိ တင်ပို့ရောင်းချရန် ၂၀၂၂ ခုနှစ် စက်တင်ဘာလ တွင် နှစ်နိုင်ငံနားလည်မှု စာချွန်လွှာကို ရေးထိုးခဲ့ခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ဘင်္ဂလားဒေ့ရ်ှနိုင်ငံသို့ ဆန်တန်ချိန် (၂) သိန်းတင်ပို့ထားပြီး နှစ်နိုင်ငံ ဆန်တင်ပို့မှု စာချုပ်အသစ်ချုပ်ဆိုရန် ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။
 
     မြန်မာ့ဆန်ကို ဥရောပနိုင်ငံများ၊ ဘင်္ဂလားဒေ့ရ်ှ ၊ တရုတ်နှင့် အာရှနိုင်ငံများအပါအဝင် နိုင်ငံပေါင်း (၅၀)ကျော်ကို တင်ပို့လျက်ရှိပြီး ပြီးခဲ့သည့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာ့ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၇၈၃ သန်းရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ စာရင်းများအရ သိရသည်။
Source: Popular News Journal
 
 
Category: Local News