Local News

ဖျာပုံမြို့နယ်မှ ရန်ကုန်မြို့သို့ အောက်တိုဘာလအတွင်း ၂၄ ပြည်ဝင် ဆန်ကွဲအိတ်ရေ ၇၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်မှ ရန်ကုန်မြို့သို့ အောက်တိုဘာလအတွင်း ၂၄ ပြည်ဝင်ဆန်ကွဲအိတ်ရေ ၇၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ဖျာပုံမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူသူအောင်က ပြောပြ၍ သိရသည်။

ဖျာပုံမြို့နယ်မှ ရန်ကုန်မြို့သို့ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ၂၄ ပြည်ဝင် ဆန်ကွဲအိတ်ရေ ၅၂၀၀၀ ထိသာတင်ပို့ရောင်းချနိုင်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်နေ့ထိ တစ်လအတွင်း ၂၄ ပြည်ဝင်ဆန်ကွဲအိတ်ရေ ၇၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသထွက်ဆန်ကွဲများကို ရန်ကုန်ဈေးကွက်မှ ဝယ်ယူမှုကောင်းမွန်လျက်ရှိကြောင်း သိရသည်။

“ဖျာပုံမြို့နယ်ကနေ ဆန်ကွဲတွေကို ရန်ကုန်ဘက်ကို အဓိကတင်ပို့ရောင်းချပါတယ်။ ဆန်ကြွအိတ်တွေကို အောက်တိုဘာလပထမပတ်လောက်ကနေ စတင်ပြီးဝယ်ယူမှုက သိသိသာသာကိုလိုက်လာတာပါ။ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း ဆန်ကွဲဝယ်ယူမှုကောင်းခဲ့ပါတယ်။ ဆန်ကွဲတွေကို ပွဲရုံပိုင်ရှင်တွေက အဆက်မပြတ်တင်ပို့ရောင်းချနေပါတယ်။ ဖျာပုံမြို့နယ်ကနေ ဆန်ကွဲတွေကို ကုန်းလမ်းကြောင်းကနေ ကုန်တင်ကားတွေနဲ့ အဓိကတင်ပို့ရောင်းချနေပါတယ်”ဟု ဖျာပုံမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူသူအောင်က ပြောပြသည်။

ဖျာပုံမြို့နယ်မှ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချခဲ့သည့် ၂၄ ပြည်ဝင် ဆန်ကွဲတစ်အိတ်လျှင် ငွေကျပ် ၄၅၀၀၀ ဈေးပေါက်နေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News