Local News

ပို့ကုန်ပဲများ ဈေးကျဆင်းမှုနှင့် ပဲ ၊ နှမ်းဈေးကွက်တစ်ခုလုံး အရောင်းအဝယ် ခပ်အေးအေးသာရှိနေ

Last Updated:

ရွှေမန်း

          ပို့ကုန်ပဲများ လက်ကျန်နည်း ဈေးကျဆင်းနေတာကြောင့် ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး အရောင်းအဝယ် ခပ်အေးအေးသာရှိနေကြောင်း ပဲနှမ်းကုန်သည်များထံက သိရသည်။ ပို့ကုန်ပဲတွေဈေးကွက်အတွင်း ဈေးနှုန်းကျဆင်းမှုနှင့်အတူ ပြည်တွင်းသုံး ကုလားပဲ၊ ပဲမာလိုင်းများပါ လိုက်ပါဈေးအေးနေကြောင်း၊  လက်ရှိအချိန်တွင် ပဲ၊ နှမ်းများကို တရုတ်နိုင်ငံသို့ နယ်စပ်မှ တင်ပို့မှုမရှိတာကြောင့် ပဲတီစိမ်းဈေးမှာ သိသိသာသာ ဈေးကျဆင်းနေကြောင်း၊ ပြည်တွင်းသုံး ပဲမာလိုင်းများမှာလည်း အမြင့်ဈေးတန်းမှာ တည်ငြိမ်နေပြီး စားအုန်းဆီဈေး မြင့်တက်လာတာ ကြောင့် မြေပဲဆန်တစ်မျိုးသာ ခပ်သွက်သွက် အရောင်းအဝယ်ရှိနေကြောင်း ဦးကျော်သွင်(ရွှေစင် သိန်း)ပွဲရုံက ပြောသည်။

          "အခုသီတင်းပတ်မှာတော့  ပဲဈေး၊ နှမ်းဈေး အကုန်အေးနေတယ်။ တရုတ်နိုင်ငံကို မတင်ပို့နိုင်လို့ ပဲတီစိမ်းဈေးကတော့ ကျဆင်းသွားပါတယ်။ ပို့ကုန် မတ်ပဲဈေးကတော့ ဆက်လက်ကျဆင်းနေပါတယ်။ ဈေးကျဆင်းနေတော့ မတ်ပဲလှောင်လက်သမားတွေ အရောင်းမရှိဘူး။ အလားတူ ပဲစင်းငုံကလည်း လက်ကျန်နည်းလာတော့ အရောင်းသမားတွေ ထုတ်မရောင်းချင်ကြဘူး။ ပြည်တွင်းသုံး ကုလားပဲအုပ်စုနဲ့ ပဲမာလိုင်းတွေကတော့ ခပ်အေးအေးသာ ရှိနေပါတယ်။ နှမ်းကတော့ ပုံမှန်ဈေးအတိုင်း ရှိနေပါတယ်။  စားအုန်းဆီဈေးမြင့်တက်လာတော့ မြေပဲဆန်က ပုံမှန်သာ အရောင်းအဝယ်ဖြစ်နေပါတယ်။ ပို့ကုန်ပဲတွေ လက်ကျန်နည်း ဈေးကျဆင်းနေတာလို့ ပဲ၊ နှမ်း ဈေးကွက် တစ်ခုလုံး ခပ်အေးအေးသာ ရှိနေပါတယ်" ဟု ၎င်းကပြောသည်။

          ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး  ဈေးကျဆင်းနေသော်လည်း ယခင်နှစ် ကာလတူပေါက်ဈေးထက် ဈေးကောင်းရရှိနေသေးကြောင်း ယခုနှစ် ပဲသစ်ရာသီတွင် အထွက်ကျဆင်းခြင်းမှာ ပဲစိုက်ဧကများ လျော့ကျမှုကြောင့် ပြည်တွင်းသုံး ကုလားပဲနှင့် ပဲမာလိုင်းများမှာ စံချိန်တင် ဈေးကောင်းရရှိခဲ့ခြင်း ဖြစ်သည်။ ပို့ကုန် ပဲစင်းငုံမှာလည်း သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ ဝန်းကျင်ထိ ပေါက်ဈေးရှိလာတာကြောင့် ယခုနှစ် စိုက်ပျိုးချိန်တွင် တောင်သူများ တိုးချဲ့ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။

          ဇူလိုင် ၆ ရက်တွင် မတ်ပဲ ဈေးမှာ ယခင်သီတင်းပတ်ထက် တစ်အိတ်လျှင် ငွေကျပ် ၅၀၀၀ မှ  ကျဆင်းသွားပြီး သုံးတင်းဝင် မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၁၅၀၀၀ ပေါက်ဈေး ရှိတော့သည်။ ပဲစင်းငုံမှာ လက်ကျန်နည်းလာတာကြောင့် ယခင် သီတင်းပတ်ထက် တစ်အိတ်လျှင် ငွေကျပ် ၂၅၀၀၀ ခန့် ဈေးမြင့် တက်လာရာ၊ ပိဿာ ၆၀ တစ် အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ အထိ ပြန်လည်ဈေးမြင့်တက်လာသည်။ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခြင်း မရှိတာကြောင့် ထိပ်စပဲတီ စိမ်းအညာ ၅၆ ဒသမ ၂၅  ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၁၇၂၀၀၀ ပေါက်ဈေးရှိတော့သည်။

          ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ဇူလိုင် ၆ ရက်တွင် ဆက်လက်ဈေးကျဆင်းနေရာ ကုလားပဲ  V2  တစ်အိတ်လျှင် ငွေကျပ် ၂၅၀ç၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ် ၂၅၀၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၂၀၀၀၊ ၉၂၉ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၅၀၀၀၀ ပေါက်ဈေးဖြစ်နေသည်။ ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀၊ မြေပဲအနီလုံးဆန် တစ်ပိဿာ ငွေကျပ်  ၈၈၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။ နှမ်းမျိုးစုံဈေးကွက်မှာ ဇူလိုင် ၆ ရက်တွင် နှမ်းဖြူ (ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၃၆၈၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၂၈၇၀၀၀၊ နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေကျပ် ၃၄၅၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

Source: မကွေးဂျာနယ်

Category: Local News