International News

လေချူသီး ဈေးကောင်းရဖို့ စီမံဆောင်ရွက်ထား

Last Updated:

     လေချူ longan အသီးမှာ လိုင်ချီးသီးနှင့် ဆင်ဆင်တူပြီး လိုင်ချီးသီးနှင့် ညီအစ်ကိုတော်စပ်သည်ဟု ပြောဆိုကြသည်။ အမြင်အားဖြင့် ဆင်ဆင်တူသည့်အပြင် ယအရသာမှာလည်း လိုင်ချီးသီးနှင့် ဆင်ဆင်တူသည်။ ကွာခြားချက်များမှာ လေချူသီးသည် လိုင်ချီးသီးထက် အနည်းငယ်သေးပြီး လိုင်ချီးသီး အခွံထက် ပို၍ချောမွေ့သော အညိုဖျော့ရောင် ရှိသည်။ ယခုနှစ် ထိုင်းလေချူသီး ထုတ်လုပ်မှုသည် မြောက်ပိုင်း ပြည်နယ် ၈ ခုတွင် ၄၀ မှ ၅၀ ရာခိုင်နှုန်းအထိ လျော့နည်းလိမ့်မည်ဟု ခန့်မှန်းထားကြသည်။

  လေချူသီး ဈေးကောင်းမရသည်မှာ ကပ်ရောဂါကာလ သုံးလေးနှစ် ဆက်တိုက်ရှိနေပြီ ဖြစ်သဖြင့် ယခုနှစ်တွင် ခြံသမားများ ချူသီးအစိုက်နည်းပါးကြသဖြင့် စိုက်ပျိုးသည့်ဧရိယာ လျော့နည်းနေသည်။ ရာသီဥတု ပူပြင်းသဖြင့်လည်း အထွက်လျော့နည်းမည်။ ယခုအချိန်တွင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် လေချူသီးခြောက် လက်ကျန်လျော့နည်းလာခြင်းကြောင့် အခြောက်ခံသည့် စက်ရုံများသည် တောင်သူများထံမှ လေချူသီးများကို ဝယ်ယူရန်အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း မြောက်ပိုင်း လေချူသီးခြောက် ထုတ်လုပ်သူများအသင်း Northern Dried Longan Producers Association ဥက္ကဋ္ဌ Tanakrit Tunwattanagul က ပြောကြားသည်။

    ယင်းအခြေအနေကြောင့် လေချူသီးခြောက်ဝယ်လိုအား မြင့်တက်လာ‌နေနေး ပရီမီယံ လတ်ဆတ်သော လေချူသီး အစိုဈေးနှုန်းသည် တစ်ကီလိုဂရမ်လျှင် ၃၀-၃၅ ဘတ်အထိ မြင့်တက်လာသည်။ လေချူသီး အစိုစျေးနှုန်းသည် အထွတ်အထိပ်သို့ရောက်ရှိချိန် ၂၀၁၉ ခုနှစ်တွင် ကြုံတွေ့ခဲ့ရသည့် ပေါက်ဈေးအဆင့် ဘတ် ၃၈-၄၀အထိ ပြန်လည်ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။ မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ၏ အသွားအလာကန့်သတ်မှုများနှင့် နယ်စပ်စစ်ဆေးရေးဂိတ်များ ပိတ်ထားသည့်ကာလအတွင်း လေချုသီးဈေးနှုန်းများ သိသိသာသာကျဆင်းသွားခဲ့သည်။ သို့ဖြစ်ရာ ခြံသမားများ လေချူသီးစိုက်ပျိုးမှု လျော့ကျသွားခဲ့သည်။

   "ရာနဲ့ချီတဲ့ လေချူသီးခြောက် စက်ရုံတွေက အလုပ်စဖို့ အသင့်ပြင်ထားပြီူကြပြီ။ လေချူသီး ပေါ်တာနဲ့ ချက်ချင်းဝယ်ပြီး အလုပ်စကြတော့မှာ။ လေချူသီးရာသီက ဇူလိုင်လကနေ စက်တင်ဘာလအထိဖြစ်ပါတယ်။  ဩဂုတ်လမှာ  အများဆုံးထွက်တယ်"  ဟု Mr Tanakrit  က  ပြောသည်။  "အခုနှစ်မှာ လေချူသီးခြောက်စက်ရုံတွေက  အလုအယက် ဝယ်ကြလိမ့်မယ်။  မိုးနည်းထားတော့ ဆွတ်ခူးချိန် နောက်ကျလိမ့်မယ်။  စိုက်တဲ့ ဧရိယာကလည်းနည်းတော့ အထွက်လည်း နည်းလိမ့်မယ်။ ခြံသမားတွေ လေချူသီး အပင်တွေ ၁၀% ဝန်းကျင် လျှော့စိုက်ကြတယ်။ လေချူအစား ဒူရင်း၊ ထောပတ် စိုက်ကြတယ်" ဟု ၎င်းက ပြောကြားသည်။

     ထိုင်းနိုင်ငံ မြောက်ပိုင်း ပြည်နယ် ၈ ခု ဖြစ်သည့်  Chiang Mai၊ Chiang Rai၊ Lampang၊ Lamphun၊ Phayao၊ Tak၊ Phrae နှင့် Nan တို့သည် ထိုင်းလေချူသီး စိုက်ပျိုးထုတ်လုပ်မှု စုစုပေါင်း၏ ၇၅% ကို စိုက်ပျိုးထုတ်လုပ်ကြသည်။ ထိုင်းနိုင်ငံတွင် လေချူသီး စိုက်ဧက ရိုင် ၁.၇ သန်း ရှိရာ၌ ၎င်းပြည်နယ် ၈ ခုတွင် စိုက်ဧက ရိုင် ၁.၂ သန်း ရှိသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရာသီချိန်နှင့် ရာသီချိန်အပ စုစုပေါင်းလေချူသီး ထုတ်လုပ်မှုသည် တစ်နှစ်လျှင် တန်ချိန် ၁.၅၅ သန်း ရှိပြီး အဆိုပါပြည်နယ် ၈ ခုသည် စုစုပေါင်း တန်ချိန် ၁.၀၃ သန်း ထုတ်လုပ်သည်။

     ပြည်တွင်းကုန်သွယ်မှုဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Goranij Nonejuie က ဌာနသည် မြောက်ပိုင်းဒေသထွက် လေချူသီးများ ဈေးကောင်းရရှိစေရန် စီမံချက်များ ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။ ပြည်တွင်းကုန်သွယ်မှုဌာနသည် တောင်သူများထံမှ လေခြူသီး တန်ချိန် ၁၄၅,၀၀၀ ဝယ်ယူရန် လုပ်ငန်းရှင်များနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။

     လေချူသီး ပေါ်သည်နှင့် စတင်ဝယ်ယူမည် ဖြစ်သည်။ ဝယ်ယူထားသည့် လေချူသီးများကို ထိုင်းနိုင်ငံတလွှားရှိ စူပါမားကက် ၆၀၀ တွင် ရောင်းချရန် စီစဉ်ထားသည်။ ထို့ပြင် ရွာများနှင့် ကွန်ဒိုမီနီယံများ အနည်းဆုံး ၁၀၀ တွင်လည်း လေချူသီးများ ရောင်းချမည်။ ဘန်ကောက်မှ လူသွားလူလာများသည့် နေရာများတွင် ရွေ့လျားဆိုင်ငယ်များ ၁၀၀ ဖြင့် ရောင်းချမည်။ပြည်တွင်းကုန်သွယ်မှုဌာနသည် မြောက်ပိုင်းဒေသရှိ လေချူသီး အခြောက်ခံစက်ရုံများ၊ ဓာတ်ဆီဆိုင်များအား တောင်သူများထံမှ လေချူသီးများကို ဝယ်ယူရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ရာသီတစ်လျှောက်လုံး လေချူသီးများ ရောင်းချရလွယ်ကူစေရန် ကူညီဆောင်ရွက်ပေးမည်။ ပြည်တွင်းမှာ လေချူသီးများ ရောင်းချရန် စီမံချက်များ ဆောင်ရွက်ပေးခြင်း၊ တရုတ်ပြည်မှ ဝယ်လိုအား မြင့်တက်ခြင်းတို့ကြောင့် ယခုနှစ်တွင် လေချူသီးများ ယခင်နှစ်ထက် ဈေးပိုရလိမ့်မည်ဟု ပြည်တွင်းကုန်သွယ်မှုဌာနက မျှော်လင့်ထားပါသည်။

Source: bangkokpost 

https://www.foodindustrydirectory.com.mm

Category: International News