Local News

စတော်ဘယ်ရီသီးနှင့် ပတ်သက်သည့် တန်ဖိုးမြှင့် စားသောက်ကုန်များ လာမည့် စတော်ဘယ်ရီရာသီတွင် ထုတ်လုပ်မည်

Last Updated:

     မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ပင်လိန်(အရှေ့)ကျေးရွာ၌ စတော်ဘယ်ရီသီးနှင့် ပတ်သက်သည့် တန်ဖိုးမြှင့် စားသောက်ကုန်များကို လာမည့်စတော် ဘယ်ရီရာသီဖြစ်သော  မတ်လမှ  ဇွန်လအတွင်း ထုတ်လုပ်မည်ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင် အသေးစားစက်မှု၊ လက်မှုလုပ်ငန်း ဦးစီးဌာနမှ သိရသည်။ ပြင်ဦးလွင်ခရိုင် အသေးစား စက်မှု၊ လက်မှု လုပ်ငန်းဦးစီးဌာန အနေဖြင့် နိုင်ငံတော်မှ ချမှတ်ဆောင်ရွက်နေသော ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေ တိုးပွားရေးစီမံကိန်း  ခုနစ်ခုအနက်  ကျေးရွာတစ်ရွာ  ထုတ်ကုန်တစ်ခု (OVOP)  စီမံကိန်းအရ  စတော်ဘယ်ရီသီးနှင့် ပတ်သက်သော တန်ဖိုးမြှင့် စားသောက်ကုန်များ  ထုတ်လုပ်မည့်အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်နေခြင်းဖြစ်သည်။

     “ပင်လိန်(အရှေ့)ကျေးရွာမှာ သီးနှံအခြေခံ ယို၊ ဖျော်ရည်၊ ဝိုင်အမျိုးမျိုးစတဲ့ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ပထမအကြိမ်ကို ဇူလိုင် ၂၄ ရက်ကနေ ၃၀ ရက်အထိ ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပင်လိန်(အရှေ့) ကျေးရွာရဲ့ အဓိကထွက်ကုန်က စတော်ဘယ်ရီသီးဖြစ်တဲ့အတွက် လာမယ့်စတော် ဘယ်ရီသီးပေါ်တဲ့ အချိန်ကျရင် တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု မွမ်းမံသင်တန်းကို ထပ်မံပို့ချသွားဖို့ စီစဉ်ထားပါတယ်”ဟု ပြင်ဦးလွင်ခရိုင် အသေးစား စက်မှု၊လက်မှု လုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မိုးလှိုင်ကပြောသည်။

     အဆိုပါသင်တန်း ပြီးဆုံးပါက သင်တန်းတွင် တက်ရောက်ခဲ့သော သင်တန်းသား၊ သင်တန်းသူများထဲမှ ငါးဦးကို ရွေးချယ်ကာ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်သည့်လုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်စေရန် တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနှင့် ညီမျှသော စက်ပစ္စည်းများ ပံ့ပိုးပေးမည်ဖြစ်သည်။ ဇူလိုင်လကုန်ပိုင်းက ဖွင့်လှစ်ခဲ့သော ပထမအကြိမ် သင်တန်းတွင်  သီးနှံမျိုးစုံမှ ထုတ်လုပ်နိုင်မည့် ယိုမျိုးစုံ၊ ဖျော်ရည်မျိုးစုံနှင့် ဝိုင်အမျိုးမျိုး ထုတ်လုပ်နည်းများကို သင်ကြားပို့ချခဲ့ကြောင်း၊ လာမည့်စတော် ဘယ်ရီရာသီတွင် ထပ်မံဖွင့်လှစ်မည့် မွမ်းမံသင်တန်း၌ ဒေသထွက်ကုန် စတော်ဘယ်ရီသီးများကို အခြေခံသော တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နည်းများအပြင် တခြားသီးနှံများနှင့် ပတ်သက်၍လည်း  သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။   

Source: https://www.myawady.net.mm

Category: Local News