Local News

ဘိုကလေးမြို့နယ်တွင်း ကွမ်းရွက်ပိဿာချိန် ၁၀ လျှင် ငွေကျပ် ၉၅၀၀၀ ထိဈေးကောင်းရရှိ

Last Updated:

     ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်တွင် ကွမ်းရွက်ပိဿာချိန် ၁၀ လျှင် ငွေကျပ် ၉၅၀၀၀ ထိ ဈေးကောင်းရရှိနေကြောင်း ဘိုကလေးမြို့နယ်မှ ကွမ်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ဌေးခိုင်က ပြောပြ၍ သိရသည်။

    ဘိုကလေးမြို့နယ်တွင် ယခုနှစ် မေလ၊ ဇွန်လတို့တွင် ကွမ်းရွက်ပိဿာချိန် ၁၀ လျှင် ငွေကျပ် ၆၅၀၀၀ ထိသာဈေးရရှိရာမှ ဇူလိုင်လ ဒုတိယပတ်ကစတင်၍ ယနေ့ (ဩဂုတ်လ ၆) ရက်နေ့ထိ ကွမ်းရွက်ပိဿာချိန် ၁၀ လျှင်ငွေကျပ် ၉၅၀၀၀ ထိ ဈေးကောင်းရရှိလာကြောင်း၊ အဆိုပါ ကွမ်းရွက်များ ဈေးကောင်းရရှိနေခြင်းသည် ကွမ်းရွက်အထွက်နည်းနေခြင်းနှင့် ပြည်တွင်းဈေးကွက်ကဝယ်လိုအားကောင်းလာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

    “ပြည်တွင်းဈေးကွက်က ဝယ်လိုအားကောင်းလာလို့ တင်ပို့နေရတာကြောင့် ဈေးကောင်း ရရှိနေတာပါ။ အခု ကွမ်းရွက်ပိဿာချိန် ၁၀ ကို ငွေကျပ် ၉၅၀၀၀ ထိ ဈေးရှိလာပါတယ်။ ရန်ကုန် ဈေးကွက်ကို ကွမ်းရွက်တွေ တင်ပို့ရောင်းချနေတာပါ။ ဈေးကောင်းကလည်းရပြီး ဝယ်လိုအားကလည်း ကောင်းတော့ကွမ်းစိုက်သူတွေ အဆင်ပြေနေပါတယ်။ ပြီးခဲ့တဲ့လတွေက ကွမ်းရွက် ပိဿာချိန် ၁၀ ကို အမြင့်ဆုံးငွေကျပ် ၆၅၀၀၀ ပဲဈေးရှိခဲ့တာပါ။ အခုကွမ်းရွက် လိုသလောက် ဝယ်ယူလို့မရတဲ့အထိ ဖြစ်နေပါတယ်” ဟု ဒေါ်ဌေးခိုင်က ပြောပြသည်။

    ဘိုကလေးမြို့နယ်မှ ထွက်ရှိသည့်ကွမ်းရွက်များကို ကုန်သည်များက ကွမ်းခြံများထိ သွားရောက်ဝယ်ယူကာ စနစ်တကျရွေးချယ်ထုပ်ပိုးပြီး ရန်ကုန်မြို့သို့ တင်ပို့ရောင်ချလျက်ရှိကြောင်း၊ ရန်ကုန်မြို့မှတစ်ဆင့် အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိပြီး လက်ရှိတွင် တစ်ရက်လျှင် ကွမ်းရွက်ပိဿာချိန် ၁၀၀ မှ ၅၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News