Local News

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ငရုတ်သီးစိမ်းပိဿာချိန် ၁၂၀၀၀ တင်ပို့ခဲ့ရ

Last Updated:

     ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ငရုတ်သီးစိမ်းပိဿာချိန် ၁၂၀၀၀ တင်ပို့ရောင်းချခဲ့ရကြောင်း ကျိုက်လတ်မြို့နယ် လယ်ယာ ထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဌေးဌေးက ပြောပြ၍ သိရသည်။

      ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇွန်လကငရုတ်သီးစိမ်း ပိဿာချိန် ၆၇၀၀ ထိသာ တင်ပို့ရောင်းချခဲ့ရပြီး ဇူလိုင် ၁ ရက်မှ ၃၁ ရက်ထိ ငရုတ်သီးစိမ်း ပိဿာချိန် ၁၂၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါငရုတ်သီးစိမ်းများ အ‌ရောင်းသွက်နေရခြင်းသည် ဒေသတွင် ယခုနှစ် ငရုတ်စိုက်သူ နည်းခဲ့ခြင်းကြောင့် အထွက်နှုန်းနည်းပြီး ဝယ်ယူမှုကောင်းနေ ခြင်းဖြစ်ကြောင်း သိရသည်။

        “ငရုတ်သီးစိမ်း ဝယ်ယူမှုက အရင်ကထက်တော်တော်လေးတက်လာပါတယ်။ ဒေသ ထွက် ငရုတ်တွေအထွက်နည်းလို့ ဝယ်ယူမှုကောင်းနေတာဖြစ်ပါတယ်။ ဒေသထွက် ငရုတ်က သန့်တယ်။ ဒါကြောင့် လူကြိုက်များတယ်။ ဒေသဈေးကွက်အပြင် ဖျာပုံနဲ့ ရန်ကုန်ဈေးကွက်ကိုလည်း ရောင်းချနေရပါတယ်။ တင်ပို့အားကောင်းသလို ဈေးကောင်းလည်းရတော့ စိုက်တဲ့သူတွေလည်း အဆင်ပြေတာတွေ့ရတယ်” ဟု ကျိုက်လတ်မြို့နယ် လယ်ယာထွက်ကုန် ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဌေးဌေးက ပြောပြသည်။

       ကျိုက်လတ်မြို့နယ်မှ ထွက်ရှိသည့် ငရုတ်သီးစိမ်းများကို ဖျာပုံမြို့နယ်၊ မအူပင်မြို့နယ်နှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါဒေသထွက် ငရုတ်သီးစိမ်း တစ်ပိဿာလျှင် ငွေကျပ် ၅၅၀၀ ထိဈေးပေါက်နေကြောင်း သိရသည်။  ကျိုက်လတ်မြို့မှ  တောင်သူများသည်  စပါးစိုက်ပျိုးခြင်းအပြင်  ငရုတ်စိုက်ပျိုးရေး  လုပ်ငန်းကိုလည်း  လုပ်ကိုင်ကြကြောင်း၊  ယခုနှစ်  နွေငရုတ်သီးခြောက် ပေါ်ချိန်ကလည်း တစ်ပိဿာလျှင် ငွေကျပ် ၁၆၀၀၀ ထိ ‌ဈေးကောင်းရရှိခဲ့ကြောင်း ကျိုက်လတ်မြို့နယ် လယ်ယာ ထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဌေးဌေးက ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ 

Category: Local News