Local News

ပဲတီစိမ်းသီးနှံပေါ်စ စျေးကောင်းရ

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်း ပဲတီစိမ်းသီးနှံကို မြို့နယ်အားလုံးလိုလို စိုက်ပျိုးကြသည်ကို တွေ့ရပါသည်။ ပဲတီစိမ်း သီးနှံသည် မကွေးတိုင်းဒေသကြီး၏ အဓိကစိုက်ပျိုးသီးနှံတွင်ပါဝင်သည့် သီးနှံတစ်ခုဖြစ်ပါသည်။ ပဲတီစိမ်းသီးနှံကို စိုက်ပျိုးသောကျေးရွာများမှ မြို့ပေါ်ပွဲရုံနှင့်ကုန်စည်ဒိုင်များသို့ လာရောက်ရောင်းချကြပြီး ပွဲရုံ၊ ကုန်စည်ဒိုင်များမှ တဆင့် ရန်ကုန်နှင့်မန္တလေးတို့သို့ တင်ပို့ကာ ရောင်းချကြပါသည်။ ပဲတီစိမ်းကို ပြည်ပဝယ်လက်ဖြစ်သည့် တရုတ် နှင့်အိန္ဒိယတို့မှ အဝယ်ရှိနေပြီး ပြည်တွင်းလှောင်လက်များမှလည်း အဝယ်ရှိနေသည့်အတွက် အရောင်းအဝယ် သွက်ကာ သီးနှံပေါ်စမှာပင်  စျေးကောင်းရနေကြောင်း သိရှိရပါသည်။

ယခင်ရက်များတွင် ပဲတီစိမ်း(၁)တင်းလျှင် (၅၇၀၀၀) စျေးသာ ရရှိခဲ့ရာမှ ယခုအသစ်ပေါ်စမှာ ပဲတီစိမ်း (၁) တင်း လျှင် (၆၁၅ဝဝ) ကျပ်စျေးအထိ စျေးကောင်းရရှိနေပါသည်။ မကွေးတိုင်းဒေသကြီးအတွင်း ပဲတီစိမ်းစိုက်ဧကမှာ (၄)သိန်းကျော်ရှိရာ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပျှမ်းမျှ (၁၀.၂၁)တင်းနှုန်း ထွက်ရှိပါသည်။ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် (၃)သိန်းခွဲကျော် ကုန်ကျပြီး ယခုလက်ရှိပေါက်စျေးနှင့် တွက်ချက်ပါက တစ်ဧကလျှင် (၂) သိန်းခုနှစ်သောင်းကျော် အကျိုးအမြတ် ရရှိသည့်အတွက် တောင်သူများအနေဖြင့် ပဲတီစိမ်းသီးနှံကို တိုးချဲ့စိုက်ပျိုး သင့်ပြီး ရာသီဥတုဒဏ်ခံနိုင်သည့် မျိုးများကို‌ရွေးချယ်စိုက်ပျိုးနိုင်မည်ဆိုပါက အထွက်နှုန်းကောင်းမွန်ကာ ပြည်ပ ပို့ကုန်အနေဖြင့် ယခုထက်ပို၍ တိုးမြှင့်တင်ပို့နိုင်မည်ဖြစ်ပါကြောင်း သိရှိရသည်။

 မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News