Local News

(၇) လအတွင်းနိုင်ငံပေါင်း (၂၀) ကျော်သို့ ပြည်ပဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်ရရှိထား

Last Updated:

ယခုဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအတွင်း ပြည်ပသို့ ဆန်တန်ချိန် ငါးသိန်း ရှစ်သောင်းကျော်တင်ပို့ခဲ့ပြီး ပို့ကုန် ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၇၁ သန်းရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ ဧပြီလတွင် ဆန်တန်ချိန် ရှစ်သောင်းကျော်၊ မေလတွင် ဆန်တန်ချိန် တစ်သိန်းကျော်၊ ဇွန်လတွင် ဆန်တန်ချိန် ခြောက်သောင်းကျော်၊ ဇူလိုင်လတွင် ဆန်တန်ချိန် ငါးသောင်းကျော်၊ ဩဂုတ်လတွင် ဆန်တန်ချိန် ခြောက်သောင်းနီးပါး၊ စက်တင်ဘာလတွင် ဆန်တန်ချိန် ရှစ်သောင်းကျော်၊ အောက်တိုဘာလတွင် ဆန်တန်ချိန် တစ်သိန်းတစ်သောင်းကျော်တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ပသို့ ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်ပြီး တရုတ်၊ ဖိလစ်ပိုင်၊ စပိန်၊ ပေါ်တူဂီ၊ ဘူလ်ဂေးရီးယား၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ UK အပါအဝင် နိုင်ငံပေါင်း (၂၀) ကျော်သို့ တင်ပို့ထားခြင်းဖြစ်သည်။ ဆန်စပါးသည် ပြည်တွင်းတွင် ပုံမှန်စိုက်ပျိုးထုတ်လုပ်ပြီး ဖူလုံရုံမျှမက ပိုလျှံမှုရှိသဖြင့် ပြည်ပသို့ နှစ်စဉ်တင်ပို့ရောင်းချနေခြင်းဖြစ်ပြီး ယခုနှစ်အတွက် စပါးလက်ကျန်၊ ဆန်လက်ကျန် လုံလုံလောက်လောက် ရှိပြီး မကြာမီ ကောက်စောစပါးသစ် ပေါ်ထွက်လာတော့မည်ဖြစ်ကြောင်းလည်း သိရသည်။

စပါးများ၊ ဆန်များ သိုလှောင်ထားမှုကိုလည်း နည်းမှန်လမ်းမှန် ထိန်းကျောင်းနိုင်ရန်နှင့် ဈေးကစားလိုသည့်သဘောဖြင့် သိုလှောင်မှုမဖြစ်စေရန် သိုလှောင်မှုကို Online Registration ပြုလုပ်မည့် အစီအစဉ်အား ယခု နိုဝင်ဘာလတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန်နှစ်သန်း တင်ပို့နိုင်ရန်မျှော်မှန်းထားပြီး အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ သုံးလအတွင်း ဆန်တန်ချိန် ခုနှစ်သိန်းနီးပါး တင်ပို့မည်ဖြစ်ကြောင်း သိရသည်။

Source: https://t.me/popularjournal

Category: Local News