Local News

ဆန်စက်နှင့်သိုလှောင်ရုံများကို ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ကြည့်ရှုစစ်ဆေး

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး   ဦးထွန်းအုံသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ  ယနေ့နံနက်ပိုင်းတွင်  ပုသိမ်မြို့  ပုသိမ်စက်မှု စီမံကိန်းရုံး၌ ပို့ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းလယ်ယာထွက်ကုန် ဈေးကွက်တည်ငြိမ်စေရန်၊ တောင်သူများ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရန်၊ စက်ရုံများအားလုံးလည်ပတ်ရေး ဆောင်ရွက်ရန်၊ ထုတ်လုပ်မှုစွမ်းဆောင်ရည်များ တိုးချဲ့ရန်၊  အရည်အသွေးကောင်းအောင် စီမံခန့်ခွဲရန်နှင့် ကုန်သွယ်မှုသတင်းအချက်အလက်များ  အချိန်နှင့်တစ်ပြေးညီ သိရှိအောင် ချိတ်ဆက်ဆောင်ရွက်ရန်တို့ကို မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဧရာဟင်္သာ Trading Co., Ltd.၏ ပုသိမ်ဆန်စက်ကို လည်းကောင်း၊ ဧရာဝတီအပြည်ပြည်ဆိုင်ရာ စက်မှုဆိပ်ကမ်းကိုလည်းကောင်း၊ SHUANGXI (စွန်းချီ) ပုသိမ် Garments Co., Ltd.  အထည်ချုပ်စက်ရုံကို လည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့ Ayeywaddy Fisheries Ltd.အအေးခန်းစက်ရုံတွင် ပုစွန်သားပေါက် မွေးမြူရေးမှ  ပြည်ပသို့တင်ပို့သည့်  ကုန်ချောထုတ်လုပ်နေမှု အဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးပြီး ဝယ်ယူသည့် နိုင်ငံ၏ လိုအပ်ချက်စံချိန်စံညွှန်းပြည့်မီအောင်  ဆောင်ရွက်ရန်၊ အလုပ်သမားများ ဘေးအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ရန်နှင့်  ပြည်ပသို့ပိုမို တိုးမြှင့်တင်ပို့နိုင်ရန် မှာကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြောင်းမြမြို့ Paddy Star ဆန်စက်နှင့်  သိုလှောင်ရုံသို့ရောက်ရှိပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့ရှိ Shwe Me Group of Company ၏  ပြောင်းသိုလှောင်ရုံသို့ ရောက်ရှိပြီး သိုလှောင်ရုံအတွင်း ပြည်ပသို့တင်ပို့ရန်  ပြောင်းများသန့်စင်ပြီး ထုပ်ပိုးနေမှုကို   ကြည့်ရှုစစ်ဆေးကာ ပြည်တွင်းတိရစ္ဆာန် အစားအစာဖူလုံမှုရှိပြီး ပိုလျှံသည့်ပြောင်းဖူးစေ့များ ပြည်ပသို့ပို့ကုန်အဖြစ်တင်ပို့နိုင်ရေး ဆောင်ရွက်ရန်၊ ပြည်ပဈေးကွက်ရရှိရေးကို  သတ်မှတ်စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်သွားကြရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း   သိရသည်။  

Source: https://www.myawady.net.mm

Category: Local News