International News

ဈေးနှုန်းများထိန်းချုပ်နိုင်ရန် အရန်ပဲစင်းငုံဝယ်ယူမှုကို အိန္ဒိယအစိုးရက တိုးမြှင့်မည်

Last Updated:

အိန္ဒိယပြည်တွင်း၌ ပဲစင်းငုံစိုက်ဧကများ လျော့နည်းမှုနှင့်အတူ ပဲအထွက်ပမာဏ ကျဆင်းနိုင်ခြေရှိသည့်အပေါ် ၁ နှစ်တာကာလအတွင်း ဈေးနှုန်းများထိန်းချုပ်နိုင်ရန်အတွက် အစိုးရအနေဖြင့် အရန်ပဲစင်းငုံများအား မက်ထရစ်တန်အနည်းငယ်မျှသာဝယ်ယူလျက်ရှိရာမှ တန်ချိန် ၈သိန်းမှ ၁၀သိန်းအထိ သိသာစွာတိုးမြှင့်ဝယ်ယူရန် စီစဉ်နေကြောင်းသိရှိရပါသည်။

အစိုးရ၏ စာရင်းများအရ အိန္ဒိယနိုင်ငံတစ်ဝန်း၌ ပဲစင်းငုံလက်လီရောင်းဈေးမှာ ယခင်နှစ်တွင် ၁ကီလိုဂရမ်လျှင် ၁၁၂ ရူပီးနှုန်းရှိရာမှ ယခုနှစ်၌ ၄၀% ပိုမိုလျက် ၁၅၈ ရူပီးနှုန်းသို့ မြင့်တက်လာခဲ့သည်။ ပဲစင်းငုံ၊ ကုလားပဲနှင့် ပဲတီစိမ်းတို့၏ဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်မှုကြောင့် အောက်တိုဘာလရှိ ပဲမျိုးစုံ လက်လီဈေးနှုန်းဖောင်းပွမှုမှာ ယခင်နှစ်ကာလတူ၌ ဖြစ်ပေါ်ခဲ့သော ၆.၆၁% ထက်ပိုမိုမြင့်မားပြီး ၁၈.၇၉%အထိရောက်ရှိခဲ့သည်။ ပြီးခဲ့သည့်မတ်လမှ စတင်၍ ပဲစင်းငုံအပေါ်ကောက်ခံသည့် သွင်းကုန်အချန်နှုန်းထားများကိုလျှော့ချလျက် မြန်မာနှင့် အာဖရိကဒေသရှိ နိုင်ငံတချို့ထံမှ ပဲစင်းငုံတင်သွင်းမှုကိုမြှင့်တင်ရန် အိန္ဒိယအစိုးရက ကြိုးပမ်းနေသည့်ကြားမှပင် ထိုကဲ့သို့ ဈေးနှုန်းဖောင်းပွမှုနှုန်းမြင့်တက်လာခြင်းဖြစ်သည်။

အမည်ဖော်ပြလိုခြင်းမရှိသော ဌာနဆိုင်ရာအရာရှိတစ်ဦးက အစိုးရသည် အရန်ပဲစင်းငုံများဝယ်ယူရာတွင် အနိမ့်ဆုံးထောက်ပံ့ပေးသည့် အခြေခံရည်ညွှန်းဈေးထက် ပိုမိုမြင့်မားလျက်ရှိသည့် ဈေးကွက်ဈေးနှုန်းအတိုင်း ပေးချေမည်ဖြစ်ပြီး ဈေးနှုန်းတည်ငြိမ်ရေးရန်ပုံငွေမှ ကျခံသုံးစွဲမည်ဖြစ်ကြောင်း၊ အမျိုးသား လယ်ယာထွက်ကုန်သမဝါယမဈေးကွက်မြှင့်တင်ရေး အသင်းချုပ်လီမိတက် (NAFED) နှင့် အမျိုးသားစားသုံးသူသမဝါယမအသင်းချုပ်လီမိတက် (NCCF) တို့သည် အစိုးရ၏ ဝယ်ယူရေးအေဂျင်စီများအဖြစ်တာဝန်ယူလျက် မိုးသီးနှံရာသီ၌စိုက်ပျိုးထုတ်လုပ်သည့် ပဲစင်းငုံများ ဈေးကွက်သို့ စတင်ဝင်ရောက်ချိန်တွင် တောင်သူများထံမှ တိုက်ရိုက်ဝယ်ယူမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း အိန္ဒိယစိုက်ပျိုးရေးနှင့် လယ်သမားများဖူလုံရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့သော ကောက်ပဲသီးနှံထွက်ရှိနိုင်မှု ပထမအကြိမ် ကနဦးခန့်မှန်းချက်အရ ယခုနှစ်တွင် ပဲစင်းငုံတန်ချိန် ၃၄.၂၁ သိန်းထွက်ရှိနိုင်ပြီး ယခင်နှစ်ထုတ်လုပ်နိုင်မှုအောက် အနည်းငယ်ကျဆင်းမည်ဖြစ်သည်။ အစိုးရ၏ ပဲစင်းငုံများတိုးမြှင့်ဝယ်ယူမည့် အစီအစဉ်သည် ၎င်းတို့၏ထုတ်ကုန်များကိုဝယ်ယူမည့် ခိုင်မာသည့်ဈေးကွက်ရှိသည်ဟု တောင်သူများထံသို့ သတင်းစကားပေးပို့ခြင်းဖြစ်ပြီး ရှေ့လာမည့်နှစ်များတွင် ပဲစင်းငုံများ ပိုမိုစိုက်ပျိုးစေရေး တွန်းအားပေးမှုလည်းဖြစ်ကြောင်း၊ စိုက်ဧကတိုးတက်ထုတ်လုပ်ခြင်းဖြင့်  သွင်းကုန်အပေါ် အမှီပြုနေရခြင်းကို တဖြည်းဖြည်း လျှော့ချနိုင်မည်ဖြစ်ကြောင်းဖြင့် အဆိုပါအရာရှိက ပြောဆိုသည်။

အိန္ဒိယအစိုးရ၏ စာရင်းများအရ ပဲစင်းငုံစိုက်ပျိုးမှုဧရိယာသည် ယခင်နှစ် မိုးသီးနှံရာသီကုန်ဆုံးချိန် စက်တင်ဘာလ ၂၉ရက်နေ့၌ ဟက်တာ ၄၆.၁၃ သိန်းရှိခဲ့ရာမှ ယခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့အထိတွင်မူ ဟက်တာ ၄၃.၈၇သိန်းသို့ လျော့ကျခဲ့သည်။ ပြည်ပမှတင်သွင်းမှုအပေါ်  ကြီးမားစွာမှီခိုနေရပြီး မိုဇမ်ဘစ်နှင့် မြန်မာတို့ကဲ့သို့သော ပဲစိုက်ပျိုးသည့်နိုင်ငံများက ဈေးကွက်စည်းကမ်းချက်များကို ဆုံးဖြတ်ချမှတ်လျက်ရှိရာ အိန္ဒိယပြည်တွင်း၌ စားသုံးမှုအများဆုံးဖြစ်သော ပဲစင်းငုံရောင်းလိုအားအပိုင်းမှာ ပုံပျက်ယွင်းမှုဖြစ်ပေါ်လျက်ရှိကြောင်း Economic Times သတင်းဌာနက ဖော်ပြထားသည်။

Source: Economic Times, 27 Nov 2023

Source: https://www.doca.gov.mm

Category: International News