Local News

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလထိ နိုင်ငံ ၄၅ နိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၁၈ သန်းရရှိခဲ့

Last Updated:

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလထိ နိုင်ငံ ၄၅ နိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၁၈ သန်းရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန(နေပြည်တော်) ညွှန်ကြားရေးမှူး ဦးညွှန့်ဝင်းက ပြောပြ၍ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအတွင်း ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် ပြည်ပသို့ ရေထွက်ကုန်ပစ္စည်း တန်ချိန် ၃၄၅၀၀၀ တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၅၁၈ သန်းရရှိခဲ့ကြောင်း၊ အမည်အလိုက်တင်ပို့မှုတွင် ငါးအုပ်စုအနေဖြင့် ၂၀၆၀၇၄ တန် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၂၆၂ သန်း ရရှိခဲ့ကြောင်း၊ ပုစွန်အနေဖြင့် တန်ချိန် ၈၄၀၀ ကျော် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၃၂ သန်း ရရှိခဲ့ကြောင်း၊ အခြား‌ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ၁၃၀၅၂၆ တန် တင်ပို့ထားပြီး အမေရိကန်‌ဒေါ်လာ ၂၂၄ သန်းရရှိခဲ့ကြောင်း သိရသည်။

“ရေထွက်ကုန်ပစ္စည်းတွေကို ဂျပန်နိုင်ငံ၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေ၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ၊ မလေးရှားနိုင်ငံ၊ တရုတ်(တိုင်ပေ)နဲ့ ဩစတြေးလျနိုင်ငံကို ပုံမှန်တင်ပို့နေပြီး ရေထွက်ကုန်ပစ္စည်းတင်ပို့မှုတိုးတက်ဖို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နဲ့ ငါးလုပ်ငန်းဦးစီးဌာန ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးညွှန့်ဝင်းက ပြောပြသည်။

ရေထွက်ကုန်ပစ္စည်းတင်ပို့ရာတွင် ပုံမှန်တင်ပို့မှုများ စဉ်ဆက်မပြတ်ရှိစေရေးနှင့် ဈေးကွက်အနေအထားပေါ်မှုတည်ကာ ပို့ကုန်မလျော့ကျစေရေးအတွက် ဝယ်ယူနေသည့် နိုင်ငံတစ်နိုင်ငံချင်းစီ၏ လိုအပ်ချက်များပြည့်မီရေးကို ဌာနနှင့်ပို့ကုန်လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံကဲ့သို့ ရေထွက်ကုန်များတွင် ကိုဗစ်ပိုးမပါရှိစေရေး စစ်ဆေးမှုတင်းကျပ်သည့်နိုင်ငံများသို့ တင်ပို့ရာတွင် ဈေးကွက်လုပ်အပ်ချက်အတိုင်းဆောင်ရွက်ကာ ပို့ကုန်မလျော့ကျစေရေးကို ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News