International News

၂၀၂၃-၂၄ ဘဏ္ဍာနှစ်၌ အိန္ဒိယ၏ ပဲမျိုးစုံတင်သွင်းမှု တန်ချိန် ၃ သန်းသို့ ရောက်ရှိနိုင်

Last Updated:

အိန္ဒိယနိုင်ငံတွင် လက်ရှိ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံ အဓိကစိုက်ပျိုးရာဒေသများ၌ မိုးရေချိန်လျော့နည်းစွာ ရရှိခဲ့ခြင်းကြောင့် ပြည်တွင်းထုတ်လုပ်မှုကျဆင်းခဲ့ရာ ပြည်ပမှ ပဲမျိုးစုံ တင်သွင်းမှုမှာ ၆ နှစ်တာကာလအတွင်း အမြင့်ဆုံးသို့ ပြန်လည်ရောက်ရှိခဲ့သည်။ သို့ဖြစ်ရာ ယခင် ဘဏ္ဍာနှစ်၌ ပဲမျိုးစုံတင်သွင်းခဲ့မှုပမာဏ တန်ချိန် ၂.၂၉ သန်းအပေါ် ၃၁% ခန့် ပိုမိုလျက် ယခုနှစ်တွင် တန်ချိန် ၃ သန်းအထိ တင်သွင်းရဖွယ်ရှိကြောင်း ကုန်သည်အသိုင်းအဝိုင်းက ပြောဆိုလျက်ရှိကြသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် ထုတ်လုပ်မှုလျော့ကျခြင်းက အိန္ဒိယ ပြည်တွင်းဈေးကွက်၌ လွန်ခဲ့သောလများအတွင်း ပဲမျိုးစုံ ဈေးနှုန်းများမြင့်တက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ အိန္ဒိယအစိုးရသည် စားတော်ပဲ တင်သွင်းမှုအပေါ် ၃၁-၃-၂၀၂၄ နေ့အထိ အကောက်ခွန် ကင်းလွတ်ခွင့်ပြုခဲ့သည့် အပြင် ပဲနီလေး၊ ပဲစင်းငုံနှင့် မတ်ပဲတို့အား အကောက်ခွန်လွတ် တင်သွင်းခွင့်ရှိသည့် ကာလကိုလည်း ၂၀၂၅ ခုနှစ် မတ်လအထိ သက်တမ်းတိုးမြှင့်လျက် ရောင်းလိုအားအပိုင်းကိုမြှင့်တင်ပြီး ဈေးနှုန်းများထိန်းညှိနိုင်ရန် ဆောင်ရွက်ခဲ့သည်။

အိန္ဒိယပဲမျိုးစုံနှင့်ကောက်ပဲသီးနှံအသင်း၏ ဥက္ကဋ္ဌဖြစ်သူ Bimal Kothari က ယမန်နှစ်တွင် ကုလားပဲအထွက်ကောင်းမွန်ခဲ့သော်လည်း ရာဂျပ်စတန်ပြည်နယ်၌ မိုးခေါင်ခြောက်သွေ့မှုကြောင့် ယခုနှစ် မိုးပဲတီစိမ်းမှာ အထွက်လျော့ကျခဲ့ကြောင်း၊ ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲနီလေးတို့ကဲ့သို့သော ပဲများလိုအပ်ချက်အတွက် ပြည်ပမှတင်သွင်းနေရဆဲဖြစ်ကြောင်း၊ ယခုဘဏ္ဍာနှစ်ကုန်တွင် ပဲမျိုးစုံ တန်ချိန် ၃ သန်းအထိ တင်သွင်းလိမ့်မည်ဟု ခန့်မှန်းရကြောင်း ပြောဆိုခဲ့သည်။

အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေး အသိပညာနှင့် စာရင်းအင်း ညွှန်ကြားမှုဌာန (DGCIS) ၏ အချက်အလက်များအရ လက်ရှိဘဏ္ဍာနှစ်အတွင်း ဧပြီလမှ အောက်တိုဘာလအထိ တန်ဖိုးအားဖြင့် ရူပီး ၁၄၀၅၇ ကုဋေ (ဒေါ်လာ ၁.၆၉ ဘီလီယံ) ရှိသော ပဲမျိုးစုံ တန်ချိန် ၁.၉၆ သန်းကို တင်သွင်း ထားပြီးဖြစ်ကြောင်း၊ ၎င်းပမာဏအနက် ပဲနီလေးတင်သွင်းမှုမှာ တန်ချိန် ၁ သန်းကျော်ရှိကြောင်း သိရှိရသည်။ အိန္ဒိယနိုင်ငံသည် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ပဲမျိုးစုံ တန်ချိန် ၆.၅ သန်းကို စံချိန်တင် တင်သွင်းခဲ့ရာ စားတော်ပဲမှာ အများဆုံးပါဝင်ခဲ့သည်။ စားတော်ပဲ၊ ကုလားပဲနှင့် ပဲတီစိမ်းတို့ တင်သွင်းမှုအပေါ် ကန့်သတ်ချက်များချမှတ်ခဲ့ပြီး ပဲမျိုးစုံတင်သွင်းမှုမှာ နောက်ပိုင်းနှစ်ကာလများ၌ ကျဆင်းခဲ့သည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၏ ဆောင်းသီးနှံ ပဲမျိုးစုံ စိုက်ပျိုးပြီးစီးမှုမှာ ယခင်နှစ်ကာလတူ၌ စိုက်ပျိုးထားနိုင်သော ဧရိယာ ဟက်တာ ၁၅၃.၂၂ သိန်းကို ပြည့်မီခြင်း မရှိပဲ ဟက်တာ ၁၄၂.၉ သိန်းသာရှိ‌ကြောင်း၊ အထူးသဖြင့် ကုလားပဲစိုက်ပျိုးမှုမှာ ယခင်နှစ်တွင် ဟက်တာ ၁၀၅.၈၀ သိန်းရှိသော်လည်း ယခုနှစ်၌ ဟက်တာ ၉၇.၀၅ သိန်းသာ စိုက်ပျိုးပြီးစီးကြောင်း၊ ပဲနီလေး မှာမူ ယခင်နှစ် ကာလတူစိုက်ပျိုးမှု ဟက်တာ ၁၈.၀၂ သိန်းထက် အနည်းငယ်မျှသာ ပိုမိုလျက် ဟက်တာ ၁၈.၆၈ သိန်း စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရှိရသည်။

စိုက်ပျိုးဧရိယာလျော့နည်းမှုကြောင့် ယခုနှစ် ကုလားပဲအထွက်ပမာဏသည် ၁၀% မှ ၁၅% အထိ လျော့ကျဖွယ်ရှိကြောင်း၊ သို့သော် မဒ္ဒရာပရာဒေ့ရှ်နှင့် ဥတာပရာ‌ဒေ့ရှ် ပြည်နယ်များ၌ ရာသီဥတု ကောင်းမွန်ခြင်းကြောင့် ပဲနီလေးအထွက်နှုန်း မြင့်မားနိုင်ကြောင်း ကုန်သည်များက ခန့်မှန်း လျက်ရှိကြသည်။

Source: The Hindu Business Line, 1 Jan 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News