Local News

မန္တလေးဈေးကွက်အတွင်း ပဲပုပ်ဆီများ တစ်ပိဿာလျှင် ငွေကျပ် ၆၈၀၀ ပေါက်ဈေးရှိနေ

Last Updated:

မန္တလေးဈေးကွက်အတွင်း ပဲပုပ်ဆီ တစ်ပိဿာလျှင် ငွေကျပ် ၆၈၀၀ ပေါက်ဈေးရှိနေကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောပြ၍ သိရသည်။

ယခုအခါ မန္တလေးဈေးကွက်အတွင်း ဝင်ရောက်လာသည့် ပဲပုပ်များကို ဆီအဖြစ်ကြိတ်ခွဲကာ ရောင်းချပေးနေကြောင်း၊ စားသုံးသူများအတွက် ပဲပုပ်ဆီကိုရောင်းချပေးရာတွင် တစ်ပိဿာလျှင် ငွေကျပ် ၆၈၀၀ ပေါက်ဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

“မန္တလေးဈေးကွက်ထဲမှာ စားသုံးသူတွေအတွက် ပဲပုပ်ဆီကို ရောင်းချပေးနေပါတယ်။ ဒီနှစ်ကအထွက်နှုန်းကောင်းတာကြောင့် ဆီအနေနဲ့ ထုတ်လုပ်ပြီးတော့ ရောင်းချပေးနိုင်နေတာပါ။ ပဲပုပ်ဆီကို ချက်ပြုတ်စားသောက်ကြတဲ့အပြင် အကြော်ခံဆီအနေနဲ့လဲ အသုံးပြုကြပါတယ်။ ပဲပုပ်ကို ပဲနို့၊ ပဲပြားအနေနဲ့ စားသုံးတဲ့အပြင် ထွက်ရှိလာတဲ့ပဲဖတ်ကိုလဲ တိရစ္ဆာန်အစာအဖြစ် ရောင်းချရာမှာ ဈေးကောင်းရရှိပါတယ်” ဟု ဦးစိုးဝင်းမြင့်က ပြောပြသည်။

လက်ရှိအချိန်တွင် မန္တလေးဈေးကွက်အတွင်း မိုးမိတ်၊ မိုးကောင်း၊ မိုးညှင်း၊ နောင်ချိုစသည့် ဒေသများမှထွက်ရှိသည့် ပဲပုပ်များဝင်ရောက်လာကြောင်း၊ ဝင်ရောက်လာသည့် ပဲပုပ်များကို ဆီအဖြစ်ကြိတ်ခွဲပြီး မန္တလေးဈေးကွက်အတွင်း ရောင်းချပေးနေကြောင်း၊ မကြာမီကာလတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် (မြောက်ပိုင်း)ဒေသတို့မှ ပဲပုပ်များ ဝင်ရောက်လာတော့မည်ဖြစ်ကြောင်း၊ မန္တလေးဈေးကွက်အတွင်း ပဲပုပ်သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၇၅၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News