Local News

စားသုံးသူကာကွယ်ရေး၊ယှဉ်ပြိုင်မှုနှင့် မူပိုင်ခွင့်ဥပဒေဆိုင်ရာ အသိပညာ‌ပေးအစီအစဉ်သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြား

Last Updated:

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများအား UMFCCI ရုံးချုပ်၌ တွေ့ဆုံ၍ ကုန်စျေးနှုန်းတည်ငြိမ် စေရေး ပြည်တွင်းထွက်ကုန်များ ပြည်တွင်းစျေးကွက်ကို ထိခိုက်မှုမရှိစေဘဲ ပြည်ပသို့ ပုံမှန်တိုးမြှင့်တင်ပို့နိုင်ရေး၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (Commodity Testing and Quality Management – CTQM)နှင့် ပူး‌ပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စများကို ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရုံး၌ကျင်းပပြုလုပ်သည့် စားသုံးသူကာကွယ်ရေး၊ ယှဉ်ပြိုင်မှုနှင့် မူပိုင်ခွင့်ဥပဒေဆိုင်ရာ အသိပညာပေးအစီအစဉ်သို့ တက်ရောက်အမှာစကားပြောကြားရာတွင် အစိုးရဌာနအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဥပဒေများအနက် စားသုံးသူကာကွယ်ရေးဥပဒေနှင့် မူပိုင်ခွင့်ဥပဒေတို့ အား လေ့လာသိရှိနားလည်ပြီး အကျိုးရှိရှိအသုံးချနိုင်စေရန်နှင့် ယင်းဥပဒေများကို လိုက်နာကျင့်သုံးရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်နိုင်စေရန်တို့ရည်ရွယ် ၍ အသိပညာပေးအစီအစဉ်ကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေး၊ ယှဉ်ပြိုင်မှုနှင့် မူပိုင်ခွင့်ဥပဒေစသည့် ဥပဒေ (၃) ရပ်သည် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ကဏ္ဍစုံက ကြိုးပမ်းဆောင်ရွက်နေကြရာ၌ အဓိကထောက်တိုင်ကြီး (၃) ဖြစ်ပါကြောင်း၊ ဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဥပဒေများအလိုက် ကော်မရှင်များနှင့် ဗဟိုကော်မတီများကိုလည်း အသီးသီးဖွဲ့စည်းဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ အဆိုပါဥပဒေ (၃) ရပ်ကို လိုက်နာဆောင်ရွက်ကြရာတွင် ကြုံတွေ့နေရသည့်အခက်အခဲများ၊ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ရှောင်ကျဉ်ရမည့်ကိစ္စရပ်များကို သိရှိနားလည်နိုင်မည်ဖြစ် ပြီး ဥပဒေရရှိခံစားနိုင်သော အကျိုးရလဒ်များကို ရရှိခံစားနိုင်စေမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ ပါသည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး သက်ဆိုင်ရာဥပဒေများအလိုက် ကျွမ်းကျင်ပညာရှင်များ တာဝန်ခံအရာထမ်းများက ဆွေးနွေးဟောပြောခဲ့ကြပါသည်။ ထို့နောက် အသိပညာပေးအစီအစဉ်သို့ တက်ရောက်လာသည့် အစိုးရဌာနအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းခြင်းအပေါ် အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးသည် နေ့လည်ပိုင်းတွင်  သီလဝါအထူးစီးပွားရေးဇုန်ရှိ ပြည်ပသို့ တင်ပို့ရန် သန့်စင်ပြီးသံဖြူ (Tinconcentrate) ထုတ်လုပ်သည့် DS Myanmar Co.,Ltd ကုမ္မဏီပိုင် သတ္တုသန့်စင်စက်ရုံ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေပုံများအား လှည့်လည်ကြည့်ရှုကာ စျေးကွက်တိုးချဲ့၍ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေး ပြည်ပသို့တင်ပို့ရာတွင် စျေးကွက်နိုင်ငံ၏ လိုလားချက်နှင့်အညီ တင်ပို့နိုင်ရေး၊ မြန်မာနိုင်ငံမှထွက်ရှိသော နိုင်ငံတကာအဆင့်မီပစ္စည်းများကို အလားအလာရှိသည့် နိုင်ငံတကာစျေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့်လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Source: https://commerce.gov.mm

Category: Local News