Local News

ဖျာပုံမြို့နယ်မှ ရန်ကုန်မြို့သို့ အောက်တိုဘာလအတွင်း ကင်းမွန်ပိဿာချိန် ၇၁၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်မြို့သို့ အောက်တိုဘာလအတွင်း ကင်းမွန်ပိဿာချိန် ၇၁၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးအေးဝင်းက ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်မြို့သို့ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ကင်းမွန်ပိဿာချိန် ၅၀၀၀၀ ထိသာ တင်ပို့ရောင်းချခဲ့ရပြီး အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်ထိ ကင်းမွန်ပိဿာချိန် ၇၁၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

“ဖျာပုံကနေ ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လအတွင်းကထက် အောက်တိုဘာလထဲမှာ ကင်းမွန်ပိဿာချိန် ၂၁၀၀၀ ထိ ပိုမိုတင်ပို့ရောင်းချခဲ့ရတယ်။ လက်ရှိ နိုဝင်ဘာလထဲမှာလဲ ကင်းမွန်တွေအဝင်များပြီး အရင်ကထက် ပိုမိုတင်ပို့ရောင်းချနေရပါတယ်။ ဖျာပုံမြို့နယ်ကနေ ထွက်ရှိတဲ့ ကင်းမွန်တွေကို ရန်ကုန်ဈေးကွက်ကိုအဓိက တင်ပို့ရောင်းချလျက်ရှိပါတယ်။ အခုပြည်ပဈေးကွက်ကနေ ကင်းမွန်တွေ အဝယ်လိုက်လာတယ်လို့ သိရတယ်။ ပြည်ပဈေးကွက် အဝယ်ကောင်းလာရင် အခုထက်အရောင်းအဝယ်သွက်လာဖို့သာရှိတယ်” ဟု ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်အေးအေးဝင်းက ပြောပြသည်။

အဆိုပါ ကင်းမွန်များကို စနစ်တကျသန့်စင်ပြီး ရန်ကုန်မြို့သို့ တင်ပို့ရောင်းချနေကြောင်း၊ ကင်းမွန်များကို ရန်ကုန်မြို့မှတစ်ဆင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News