Local News

ပြည်ပမှ ဝယ်ယူမှုအားကောင်းသောကြောင့် မန္တလေးဈေးကွက်အတွင်း ပဲစင်းငုံများ အရောင်းအဝယ်ကောင်းနေ

Last Updated:

ပြည်ပမှ ဝယ်ယူမှုအားကောင်းသောကြောင့် မန္တလေးဈေးကွက်အတွင်း ပဲစင်းငုံများ အရောင်းအဝယ်ကောင်းနေကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောပြ၍ သိရသည်။ လက်ရှိတွင် မန္တလေးဈေးကွက်အတွင်းသို့ ပဲစင်းငုံများ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဝင်ရောက်လျက်ရှိကြောင်း၊ ယခုနှစ်တွင် ရာသီဥတုကောင်းမွန်မှုကြောင့် ပဲစင်းငုံအထွက်နှုန်းအသင့်အတင့်ကောင်းပြီး ဈေးကွက်အတွင်း၌ အရောင်းအဝယ် ကောင်းနေကြောင်း၊ ယခုလက်ရှိ ပဲစင်းငုံသုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀၀ နှုန်းဖြင့် အရောင်းအဝယ်ကောင်းနေကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောပြသည်။

“ပဲစင်းငုံကို မြန်မာလူမျိုးတွေက စားသုံးမှုနည်းပါးတယ်။ အဓိက အိန္ဒိယလူမျိုးတွေက မြန်မာပဲစင်းငုံကို စာတုကင်းစင်ပြီး အရသာကောင်းတာကြောင့် ကြိုက်နှစ်သက်ပြီး ဝယ်ယူကြပါတယ်။ အခုနှစ်မှာ အိန္ဒိယနိုင်ငံအနေနဲ့ ပဲစင်းငုံလိုအပ်ချက်တွေ များနေတာကြောင့် ဈေးကွက်အတွင်းမှာ အရောင်းအဝယ်တွေ ကောင်းနေပါတယ်။ ပဲစင်းငုံက ပြည်ပပို့ကုန်အနေနဲ့ အိန္ဒိယတင်မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်နိုင်ငံတို့ကလဲ နှစ်စဉ် ပုံမှန်ဝယ်ယူနေကြပါတယ်” ဟု ဦးစိုးဝင်းမြင့်က ပြောပြသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲစင်းငုံမှာ ပဲစင်းငုံအနီ၊ ပဲစင်းငုံအဖြူနှင့် ပဲစင်းငုံအကျားဟူ၍ အမျိုးအစား သုံးမျိုးရှိကြောင်း၊ ပဲစင်းငုံကို မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးကြကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News