Local News

ကြက်သွန်နီတွေ နယ်စုံပေါ်လာလို့ စျေးတွေ ဆက်တိုက်ကျဆင်းလာ

Last Updated:

မြန်မာ့ ကြက်သွန်နီတွေ နေရာဒေသအစုံကနေ ထွက်ရှိပြီး ပွဲရုံတွေကို ကြက်သွန်အဝင်များနေတာကြောင့်စျေးနူန်းတွေဆက်တိုက်ကျဆင်းလာနေတယ်လို့ ကုန်သည်တွေဆီကသိရပါတယ်။ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ တတိယပတ်လောက်က ရန်ကုန် ကုန်စည်ဒိုင်မှာ နွေကြက်သွန်နီအဟောင်း တစ်ပိဿာကို  ၅၁၀၀  အထိအမြင့်ဆုံးရှိပြီး  မိုးကြက်သွန်အသစ်တစ်ပိဿာကို  ၄၈၀၀ ကျပ်အထိ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ကြက်သွန်အဟောင်းက အဝင်မရှိသလောက် နည်းသွားပြီး ကြက်သွန်အသစ်က တစ်ပိဿာကို ၃၅၀၀ ကျပ်စျေးသာရှိတော့လို့ တစ်ပိဿာကို ၁၃၀၀ ကျပ်လောက်အထိ ရန်ကုန်စျေးကွက်မှာ ကျဆင်းသွားပါတယ်။

"အခုက နယ်စုံကနေ ကြက်သွန်တွေပေါ်နေပြီ၊ နယ်စုံပေါ်ရင်ကြက်သွန်စျေးက ကျတတ်စမြဲပါ။ မိုးကြက်သွန်က နှစ်မကူးခင်ရောင်းထားမှ အဆင်ပြေတာ၊ နှစ်ကူးသွားရင် နယ်စုံပေါ်တတ်တယ်လေ " လို့ ပခုက္ကူက ကြက်သွန်နီကုန်သည် ကိုအောင်ကိုဝင်းက ပြောပါတယ်။ မြင်းခြံ ကုန်စည်ဒိုင်နဲ့ပခုက္ကူကုန်စည်ဒိုင်မှာတော့ မိုးကြက်သွန်အသစ်က တစ်ပိဿာကို ၂၈၀၀ မှ ၃၃၀၀ ကျပ်အထိစျေးတန်းရှိရာကနေ လက်ရှိနှစ်စ ပထမပတ်မှာတော့ တစ်ပိဿာကို ၁၇၀၀ မှ ၂၅၀၀ ကျပ်သာရှိတော့သဖြင့် တစ်ပိဿာကို ၈၀၀ မှ ၁၁၀၀ လောက်ကျဆင်းသွားတယ်လို့ သိရပါတယ်။

မြင်းခြံ ကုန်စည်ဒိုင်နဲ့ ပခုက္ကူကုန်စည်ဒိုင်ကို ကြက်သွန်နီဝင်ရောက်မှု အနေနဲ့ကတော့ နေ့စဉ်ပိဿာချိန် ၃ သိန်းလောက်ဝင်ရောက်မှု ရှိနေပြီး အရည်အသွေးကောင်း၊ ပစ္စည်းသန့်တဲ့ ကြက်သွန်တွေကတော့ အရောင်းအဝယ်သွက်နေတယ်လို့ သိရပါတယ်။ ဘုရင့်နောင်ကုန်စည်ဒိုင်ကိုတော့  နေ့စဉ်ကြက်သွန်ကားအစီးရေ ၂၀ ကနေ ၄၀ ကြားဝင်ရောက်နေတယ်လို့သိရပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှာ အိန္ဒိယနိုင်ငံဘက်က ကြက်သွန်နီ တင်ပို့မှုနဲ့ပတ်သက်ပြီး စျေးနူန်းပိုင်းကို ထိန်းချုပ်ကန့်သတ် ထုတ်ပြန်လိုက်လို့ ဒီဇင်ဘာလ ၉ ရက်ကစပြီး မြန်မာ့ကြက်သွန်နီစျေးက မြင့်တက်လာခဲ့ပေမယ့် လက်ရှိမှာတော့ ဒေသအစုံကနေ မိုးကြက်သွန်တွေထွက်ရှိနေပြီဖြစ်လို့ စျေးပြန်ကျဆင်းသွားတာပဲ ဖြစ်ပါတယ်။ ကြက်သွန်နီ အမျိုးအစားထဲမှာ မြစ်သားကြက်သွန်၊ ဆိပ်ဖြူကြက်သွန်နဲ့ မြင်းခြံကထွက်တဲ့ ကြက်သွန်နီ ( နဝရတ်)က စျေးကွက်မှာ စျေးတန်းအမြင့်ဆုံးဖြစ်ပါတယ်။

မိုးကြက်သွန်နီကို သယ်ယူပို့ဆောင်စရိတ်နှုတ်ပြီး တစ်ပိဿာကို ၂၀၀၀ ကျပ်ရရှိပါက တောင်သူတွေအတွက် အကျိုးအမြတ်ရရှိနိုင်ပြီး ယင်းပမာဏအောက် ရရှိပါက အကျိုးအမြတ်ရရှိမှုနည်းမှာ ဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာ မိုးကြက်သွန်နုတ်ပြီး ရောင်းချပြီးသူတွေကတော့ ဆောင်းကြက်သွန်ကို စိုက်ပျိုးနေကြပြီဖြစ်ပါတယ်။

Source: (AMIA)

Source: https://t.me/htwettoe

Category: Local News