ကျူးဘားနိုင်ငံပြည်တွင်းကုန်သွယ်ရေးဝန်ကြီး Betsy Diaz Velazquez က ကျူးဘား ပြည်တွင်းဈေးကွက်အတွင်း ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်ရေးတို့တွင် ဗီယက်နမ်မိတ်ဖက်များနှင့် ပူးပေါင်းလုပ်ကိုင်ရန် စိတ်ဝင်စားမှုကို ပြသခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်သံအမတ် Le Quang Long နှင့် မတ်လ ၄ ရက်နေ့က အစည်းအဝေးအတွင်း ဝန်ကြီးက ကျူးဘားသည် ပြည်သူ များလိုအပ်သည့် အရေးပါသောကုန်ပစ္စည်းများ ဖြည့်စည်းပေးရန်ရည်ရွယ်၍ ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်ရေးတို့တွင် ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပါသည်။ ဝန်ကြီးက စိုက်ပျိုးမွေးမြူရေး၊ စားသုံးကုန်ထုတ်လုပ်ခြင်းနှင့် စွမ်းအင်ချွေတာနိုင်သည့်ပစ္စည်းများတင်သွင်းခြင်းတို့တွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရပါသည်။ သံအမတ်ကြီးကလည်း ၎င်း၏သံရုံးသည် ကျူးဘားပြည်တွင်းကုန်သွယ်ရေးဝန်ကြီးဌာနအား ထိုနယ်ပယ်များတွင် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများနှင့်ချိတ်ဆက်ခြင်းနှင့် သတင်းအချက်အလက်တို့တွင် ပံ့ပိုးပေးသွားမည်ဟု ပြောကြားခဲ့ပါသည်။ နှစ်ဖက်စလုံးသည် များစွာသောကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုအလားအလာများကို အသိအမှတ်ပြုခဲ့ကြပြီး နှစ်နိုင်ငံကြား ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန် အာမခံခဲ့ကြကြောင်း သိရပါသည်။ ကျူးဘားပြည်တွင်းကုန်သွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံ၏ပြည်တွင်း ကုန်သွယ်မှုစနစ်ကို စီမံခန့်ခွဲပြီး နိုင်ငံတော်ပိုင်လုပ်ငန်းများက အရေးပါသောကုန်ပစ္စည်းများ ပံ့ပိုးရေး၊ ဈေးနှုန်းထိမ်းချုပ်ရေးနှင့် ကျူးဘားလူထုထံသို့ဈေးကွက်ဝင်ရောက်မှုမြင့်တက်ရေး တို့ကို အဓိကဆောင်ရွက်ကြောင်း သိရပါသည်။
Source: https://www.doca.gov.mm