Local News

ယခုဘဏ္ဍာနှစ်တွင် ဧပြီလမှ ဇွန်လကုန်ထိ ရှမ်းပြည်နယ်မှ ထိုင်းနိုင်ငံသို့ ပြောင်းသီးနှံ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၇၉၃ သန်းကျော်ဖိုး တင်ပို့ရောင်းချခဲ့ရ

Last Updated:

          ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဧပြီလမှ ဇွန်လကုန်ထိ သုံးလတာကာလအတွင်း ရှမ်းပြည်နယ်မှ ထိုင်းနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၇၉၃ သန်းကျော်တန်းဖိုးရှိ ပြောင်း ၆၃၇၆၆ တန် တင်ပို့ရောင်းချခဲ့ရကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သတင်းများအရ သိရသည်။

       မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပြောင်းသီးနှံများ တင်ပို့ရောင်းချပေးရာတွင် နှစ်နိုင်ငံသဘောတူညီချက်အရ နှစ်စဉ် ဖေဖော်ဝါရီလမှစတင်ကာ ဩဂုတ်လထိ ပင်ရင်းနိုင်ငံ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်ရရှိထားကြောင်း၊ ယခုအခါ ထိုင်းနိုင်ငံသို့ ပြောင်းသီးနှံအခွန်လွတ်တင်ပို့ရောင်းချခွင့်ရရှိထားသည့်ကာလဖြစ်နေသဖြင့် ရှမ်းပြည်နယ်ဒေသထွက် ပြောင်းများကို ထိုင်းနိုင်ငံသို့ တင်ပို့မှုမြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

          ထိုသို့ တင်ပို့ရောင်းချပေးရာတွင် ယခုနှစ် ဧပြီလတွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၂၂ သန်း တန်ဖိုးရှိ ပြောင်း ၁၃၂၄၂ တန်၊ မေလတွင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၁၂၁ သန်းတန်ဖိုးရှိ ပြောင်း ၂၆၁၅၁ တန်၊ ဇွန်လတွင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၅၅ သန်းတန်ဖိုးရှိ ပြောင်း ၂၄၃၇၃ တန် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၇၉၃ သန်းတန်ဖိုးရှိ ပြောင်း ၆၃၇၆၆ တန် တင်ပို့ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

         အဆိုပါ သုံးလတာကာလအတွင်းတွင် ရှမ်းပြည်နယ် တာချီလိတ်ဒေသမှ ပြောင်းလုပ်ငန်းရှင်များက ခိုလမ်၊ နမ့်စန်၊ လင်းခေး၊ မိုင်းနောင်၊ မိုင်းရှူးမြို့နယ်တို့မှ ပြောင်းများကို တာချိလိတ်နယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချပေးနေကြခြင်းဖြစ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News