Local News

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လထိ လက်ခစားချုပ်ပြီးအထည်များ နိုင်ငံတကာသို့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀၈၅ ဒသမ ၇၄၄ သန်းရရှိခဲ့

Last Updated:

     ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လထိ ကာလအတွင်းမြန်မာနိုင်ငံမှ လက်ခစား ချုပ်ပြီးအထည်များ (CMP) နိုင်ငံတကာသို့တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၈၅ ဒသမ ၇၄၄ သန်းရရှိခဲ့ကြောင်း စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ချိုသက်မူက ပြောပြ၍ သိရသည်။ မြန်မာနိုင်ငံအတွင်းရှိ CMP စက်ရုံ၊ အလုပ်ရုံများတွင် တရုတ်နိုင်ငံက အများဆုံး ရင်းနှီးမြှုပ်နှံဆောင်ရွက်လျက်ရှိပြီး တရုတ်(တိုင်ပေ)၊ ထိုင်း၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ကလည်း ရင်းနှီးမြှုပ်နှံဆောင်ရွက်လျက်ရှိကြောင်း၊ လက်ခစား ချုပ်ပြီးအထည်များ (CMP) ကို ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ဥရောပနိုင်ငံတို့သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

      “၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလကနေ ဇူလိုင်လထိ ကာလအတွင်းမှာ လက်ခစားချုပ်ပြီး အထည်တွေ ပြည်ပတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁၀၈၅ ဒသမ ၇၄၄ သန်းရရှိခဲ့ပါတယ်။ ပင်လယ်ရေကြောင်းကနေ လက်ခစားချုပ်ပြီးအထည်တင်ပို့မှုကတော့ အမေရိကန်ဒေါ်လာ ၁၀၅၈ ဒသမ ၄၇၅ သန်းရရှိပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ တင်ပို့မှုက အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၂၆၉ သန်းရရှိခဲ့ပါတယ်”ဟု ဒေါ်ချိုသက်မူက ပြောပြသည်။

       အဆိုပါ လက်ခစားချုပ်ပြီးအထည်လုပ်ငန်းများ အများဆုံးတည်ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင် အဝတ်အထည်ချုပ်လုပ်ငန်း ၅၀၅ ရုံ၊ ဖိနပ်ချုပ်လုပ်ငန်း ၄၈ ရုံ၊ ဆံပင်တုလုပ်ငန်း ၈ ရုံ၊ အခြားသော အိတ်ချုပ်လုပ်ငန်း၊ အားကစားဝတ်စုံ၊ အားကစားဖိနပ်၊ ခြေအိတ်ချုပ်လုပ်ငန်း လုပ်ကိုင်နေသည့် စက်ရုံ၊ အလုပ်ရုံ ၁၇၇ ရုံရှိပြီး သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ လည်ပတ်နေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News